ပူတာအိုတွင် စက်သုံးဆီဝယ်ယူရရှိနိုင်ရေး အခက်အခဲဖြစ်နေ

0
211

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စက်သုံးဆီဝယ်ယူရရှိနိုင်ရေး အခက်အခဲဖြစ်နေပြီး စက်သုံးဆီရောင်းချပေးနေသည့် ဆီဆိုင်များတွင် ဒေသခံပြည်သူများကြား အငြင်းပွားမှုပြဿနာ ဖြစ်ပေါ်နေသည်ဟု ပူတာအိုဒေသခံများက ပြောသည်။

စက်သုံးဆီ လိုအပ်နေသည့် ဒေသခံပြည်သူများကို တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ ရောင်းချပေးမှုစနစ်ကြောင့် စက်သုံးဆီဆိုင်တွင် လာရောက်တန်းစီကြသူ ရာချီများပြားပြီး အငြင်းပွားခိုက်ရန်ဖြစ်ပွားကြသည်ဟု ပူတာအိုဒေသခံတစ်ဦးက ပြောဆိုသည်။

“ဆီရောင်းချပေးတာကို အချိန်တစ်ခု ကန့်သတ်ပေးတာလည်း မရှိဘူး။ ဆီလိုအပ်လို့ လာတိုးကြတဲ့ပြည်သူတွေက ရာချီရှိတယ်။ တိုးလို့ မရဘူးဆိုရင် အချင်းချင်းရန်ဖြစ်ကြ၊ တချို့သူတွေဆိုရင် အဝေးကြီးကနေ ကိုယ့်မှာရှိထားတဲ့ ဆီကုန်ခံပြီး လာတိုးကြတာ၊ ဆီဆိုင်ကနေ “ကုန်ပြီ” လို့ပြန်ပြောတော့ ကျောက်ခဲတွေနဲ့ ပစ်ကြခိုက်ကြ ဖြစ်နေကြတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လလောက်ကစ၍ ပူတာအိုဘက်တင်သွင်းလာသည့် စက်သုံးဆီများကို ဆီဆိုင်ကြီးများက ဒေသခံများအား လိုသလောက် ရောင်းချပေးခြင်းမရှိဘဲ လုပ်ငန်းရှင်များကိုသာ မှောင်ခိုစျေးနှင့် ရောင်းချပေးနေသည်ဟု ပူတာအိုဒေသခံများက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ရေကြီးရေလျှံမှုမတိုင်မီ ဇွန်လထဲက စစ်ကောင်စီတပ်နှင့် KIA တို့ကြား ညှိနှိုင်းမှုကြောင့် ဆီပေပါ ၃ ထောင်ခန့် ပူတာအိုမြို့ဘက်ကို တင်သွင်းထားပြီးဖြစ်သည်ဟု သိရသည်။

စက်သုံးဆီကုန်သည်များက လုပ်ငန်းရှင်များကိုသာ စျေးနှုန်းမြင့်၍ မှောင်ခိုစနစ်နှင့် ရောင်းချပေးနေခြင်းကြောင့် လက်ရှိ၌ ပူတာအိုမြို့နယ်တွင် ဓါတ်ဆီတစ်ပေပါလျှင် မြန်မာငွေ ကျပ်သိန်း ၆၀ အထိ မြင့်တက်နေပြီး ဒီဇယ်တစ် ပေပါလျှင် ကျပ်သိန်း ၃၀ အထိ ရှိနေသည်ဟု ပူတာအိုဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ပူတာအိုမြို့ခံပြည်သူများ ထိုသို့စက်သုံးဆီဝယ်ယူရန် ခက်ခဲနေစဉ် ပုလင်းချိန်နှင့် လက်လီရောင်းချမှုများကိုပါ ခွင့်ပြုမပေးဘဲ ဖမ်းဆီးမှုရှိနေသောကြောင့် စက်သုံးဆီရရှိနိုင်ရန် ပိုမိုခက်ခဲနေရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့နောက်ပိုင်း ကချင်ပြည်နယ်တခုလုံး အတိုင်းအတာနှင့် ဖုန်းလိုင်၊ အင်တာနက်လိုင်းများ ပြတ်တောက်ထားတာကြောင့် ယခုလို ဆက်သွယ်ရေးအလွန်ခက်ခဲသည့် ပူတာအိုဒေသ၌ စက်သုံးဆီဝယ်ယူမှု အခက်အခဲအပြင် ခိုက်ရန်အငြင်းပွားမှုပြဿနာကိုပါ ရင်ဆိုင်ကြုံလာရသည်ဟု အထက်ပါပူတာအို ဒေသခံကပြောသည်။

“အဓိကတော့ ဖုန်းလိုင်းတွေ ပြတ်သွားတော့ ပိုဆိုးတာပေါ့။ သတင်းအချက်အလက်ရယူတဲ့အခါမှာ ခါတိုင်း သွားစရာမလိုဘဲ ဖုန်းနဲ့ ပြောလို့ရပေမယ့် ဖုန်းပြောလို့မရတော့ ဆိုင်ကယ်နဲ့သွားရတဲ့ အခြေအနေဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ပူတာအိုဒေသ၌ တိုက်ပွဲများအပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသောကြောင့် ကုန်ပစ္စည်းများကို လေကြောင်းဖြင့်သယ်ယူ ရောင်းချပေးနေခြင်းကြောင့် ဒေသခံပြည်သူများသည် ယခင်ကထက် ကုန်စျေးနှုန်း မြင့်တက်မှုကို ရင်ဆိုင်ကြုံနေကြရသည်မှာ ၅ လဝန်းကျင် ကြာမြင့်လာပြီဟု ၎င်းက ဆက်ပြောသည်။

ပူတာအိုမြို့တွင် ဓါတ်ဆီတစ်ပေပါကို သိန်း ၆၀ ၊ ပုလင်းချိန်တစ်လီတာကို တစ်သောင်းနှစ်ထောင်၊ ဆန်တစ်အိတ်ကို ၂ သိန်း ၅ သောင်း၊ ကြက်သွန်နီကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၃ သောင်းဝန်းကျင်အထိ စျေးနှုန်းမြင့်တက်နေသည်ဟု ဆိုသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် ပူတာအိုမြို့ပေါ်တွင် ငွေလွှဲ၊ ငွေထုတ်ရန် လေကြောင်းလိုင်းတစ်ခုတည်းနှင့်သာ စောင့်ဆိုင်းပြီး ခက်ခက်ခဲခဲ လုပ်ဆောင်နေရသည်ဟု ပူတာအိုဒေသခံများက ပြောဆိုပါသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here