စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်များ စစ်ကြောင်းထိုးလျက်ရှိပြီး ကျေးရွာအချို့မှ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားမှုရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ ပုလဲမြို့နယ် ချင်ပြစ်ကျင်းနှင့် နွယ်အင်းရွာများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အင်အား ၁၀၀ ခန့်စီဖြင့် လှုပ်ရှားနေပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နှင့် ယနေ့တွင် ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များက အဆိုပါရွာများအပါအဝင် အနီးပတ်ဝန်းကျင်ရွာများမှ လူသုံးကုန်ပစ္စည်းများကို သယ်ဆောင်သွားကြောင်း ဆိုသည်။
“ပျူတွေက လှည်းအစီး၃၀ပါတဲ့ လှည်းတန်းကြီးနဲ့လာတာဗျ၊ ကားတွေလည်းပါတယ်၊ စစ်တပ်က ကာဗာပေးထားပြီး ရွာထဲကအိမ်တွေရိုက်ဖွင့်ပစ္စည်းတွေ အကုန် သယ်နေကြတာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ယနေ့နံနက်ပိုင်းတွင် ပြောသည်။
၎င်း၏ ပြောကြားချက်အရ စားသောက်ကုန်များ၊ ဆိုင်ကယ်များနှင့် မွေးမြူရေးတိရစ္ဆာန်အချို့ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
ထို့ပြင် စစ်ကြောင်းအတွင်း မကြာသေးမီက လက်နက်ချခဲ့သည့် ဒေသခံလက်နက်ကိုင်အဖွဲ့ဝင်အချို့ လမ်းပြအဖြစ် ပါဝင်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတဦးထံမှ သိရသည်။
သို့ရာတွင် ယင်းအချက်နှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကြောင်းထိုးလာမှုကြောင့် နှောရိုး၊ သက်ကယ်ကျင်း၊ ချင်မကျင်း၊ နွယ်အင်း၊ ပျော်ဘွယ်ကျင်းနှင့် သပြေလှကျေးရွာများအပါအဝင် ရွာခုနစ်ရွာမှ အိမ်ထောင်စု ၁,၂၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“စစ်တပ်က ပြည်သူဆိုဘာမှမလုပ်ပါဘူးဆိုပြီးစည်းရုံးနေတယ်၊ တဖက်ကလည်း ထွက်ပြေးတဲ့သူတွေပြန်လာ၊ မလာရင်လက်နက်ကြီးနဲ့ထုမှာလို့လည်း ခြိမ်းခြောက်တယ်” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်များမှာ လတ်တလောတွင် အချို့သော စားနပ်ရိက္ခာများကို သယ်ဆောင်နိုင်ခဲ့သော်လည်း ရေရှည်တွင် ရိက္ခာနှင့် ဆေးဝါးလိုအပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဆိုသည်။
ထို့အပြင် စစ်ဘေးရှောင်များရှိနိုင်သည့် နေရာများအား ဒရုန်းဖြင့် ထောက်လှမ်းနေကြောင်းနှင့် ယမန်နေ့ညနေပိုင်းတွင် လူမနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဟောင်းတခုအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင် ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးနှင့် နောက်လိုက်အချို့သည် စစ်ကော်မရှင်ထံ လက်နက်ချခဲ့ပြီးနောက် မြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ရေးလှုပ်ရှားမှုများ တိုးလာကြောင်း ဒေသခံများက ဆိုသည်။
မဇ္ဈိမ