ပုလော၊ ပလရဲစခန်းအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

By MPM 7 ဩဂုတ်, 2024 👁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ရဲစခန်းအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့ ညနေ ၄ နာရီခန့်က ပလမြို့ရဲစခန်းနှင့် စခန်းအရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ကျော်ကြာဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲများဘက်က လက်ဦးမှု ရယူနိုင်ခဲ့သည့်အတွက် စစ်ကောင်စီဘက်က အထိနာခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲစခန်းနှင့် ဝင်ထွက်သွားလာမှုရှိသည့် ပုလောမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်၏တူဖြစ်သူလည်း ကျည်ထိမှန် သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင် အမှတ်၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပလမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လကစပြီး စစ်ကောင်စီ တပ်စခန်းများ မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနေသလို နှစ်ဖက်စစ်ရေးဆက်တင်းမာနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။