ပုလောမြို့နယ်အတွင်း နေအိမ်သို့ ရေပုံးပြန်ယူသူ စစ်ဘေးရှောင်တစ်ဦးအား စစ်ကောင်စီတပ်က ပစ်သတ်

By MPM 19 ဖေ‌ဖော်ဝါရီ, 2023 👁

ပုလောမြို့နယ်က လယ်ကွင်းအတွင်း စစ်ရှောင်နေရာမှ နေအိမ်ပြန်ပြီး ရေပုံးဝင်ယူသူ ရွာသားတစ်ဦး စစ်ကောင်စီ တပ်က ပစ်သတ်သွားသည်ဟု ရွာသားများက ပြောသည်။

ပစ်သတ်ခံရသူမှာ တိုကျေးရွာသား ဦးစိုးပု အသက် ၄၈ နှစ်အရွယ်ရှိသူ အမျိုးသားဖြစ်ပြီး ရွာအဝင်လမ်းတွင် တိုကျေးရွာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက “ဆွေမျိုးရှိသူတွေက မြို့ကိုပြေးကြတာပေါ့။ အားကိုးစရာမရှိတဲ့သူတွေကတော့ လယ်ထဲမှာ နေကြရတာဆို တော့ စားရေးသောက်ရေးက အစ ကျန်းမာ ရေးအဆုံး အစစ ခက်ခဲကြတယ်။ သောက်သုံးဖို့ ရေလှောင်ထားဖို့ ခွက်တွေ ပုံးတွေလိုအပ်တော့ အရဲစွန့်ပြီး သွားယူရာမှာ အပစ်ခံရတာ” ဟု ပြောသည်။

ဦးစိုးပုသည် စစ်တပ်က ပစ်ခတ်လိုက်ခြင်းကြောင့် ရင်ဘတ်တွင် ကျည်ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဦးစိုးပု ပစ်ခတ်ခံရမှုမှာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်အတွင်း ပါဝင်သည့် တိုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး နေအိမ်များကိုလည်း စစ်ကောင်စီတပ်၏ မီးရှို့ခြင်းများ ခံနေရသည့်အတွက် ရွာသားများမှာ နီးစပ်ရာကျေးရွာများနှင့် လယ်ကွင်းများတွင် တဲထိုးကာ တိမ်းရှောင်နေထိုင်ကြရသည်ဟု ဒေသခံများက ဆိုသည်။

လယ်ကွင်းအတွင်း တဲထိုးနေထိုင်ကြရသူများအထဲတွင် ဦးစိုးပု၏ မိသားစုလည်း အပါအဝင်ဖြစ်သည်။

ပစ်သတ်ခံလိုက်ရသည့် ဦးစိုးပု အလောင်းကို ရွာအပြင်တစ်နေရာတွင် ရွာသားများ၏ ဝိုင်းဝန်းကူညီမှုဖြင့် မိသားစုဝင်များက နေ့ချင်းပြီး မြေမြုပ်လိုက်သည်ဟု မိသားစုနှင့် နီးစပ်သူအချို့က အတည်ပြုပြောသည်။

တိုကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ ကျော်ရှိသည့် လယ်ယာနှင့် ဥယျဉ်ခြံလုပ်ငန်းများ အဓိကထား လုပ်ကိုင်ကြသည့် သာမာန်ကျေးရွာတစ်ရွာဖြစ်သည်။

NMG – ပေးပို့သည်။