ပုလောမြို့နယ်မှာ လောင်စာဆီသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်

By MPM 28 ဖေ‌ဖော်ဝါရီ, 2023 👁

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲမှာ လောင်စာဆီသယ်ယူခွင့်ကို စစ်ကောင်စီဘက်က ပိတ်ပင်ထားသလို စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေကိုလည်း ခြိမ်းခြောက်တာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို လောင်စာဆီတွေ မရောက်ရှိရေးအတွက် သယ်ယူခွင့် ပိတ်ပင်လာတာ ဖြစ်ပါတယ်။

လောင်စာဆီသယ်ယူခွင့်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်တွေအပါအဝင် ကျေးရွာတွေဘက်ကိုပါ ကန့်သတ်ပိတ်ပင်ထားသလို လမ်းမှာဆီပြတ်ရင်တောင် တစ်လီတာရေသန့်ဗူးနဲ့ ဆီသယ်ယူခွင့်မပေးဘူးလို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေကိုလည်း ကားနဲ့ဆိုင်ကယ်တွေကိုသာ စက်သုံးဆီရောင်းချဖို့၊ ပုံးတွေနဲ့ရောင်းချတာမလုပ်ဖို့နဲ့ စည်းကမ်းမလိုက်နာရင် သယ်ဆောင်ရောင်းဝယ်သူတွေကို ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ခြိမ်းခြောက်ထားတာပါ။

စစ်ကောင်စီက လောင်စာဆီသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံတွေမှာ သွားရေးလာရေးအပြင် လုပ်ငန်းသုံးစက်ပစ္စည်းတွေအတွက် စက်သုံးဆီရရှိရေး အခက်အခဲရှိလာတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က လောင်စာဆီသယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် လောင်ဆီဈေးနှုန်း မြင့်တက်လာသလို စက်သုံးဆီအရောင်းဆိုင်တချို့ ပိတ်သိမ်းတာတွေ ရှိလာတာပါ။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီက ဆန်နဲ့စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ထားသလို အခုအခါမှာတော့ လောင်စာဆီသယ်ယူခွင့်ကိုပါ ကန့်သတ်လာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။