ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးနေ

By MPM 26 ဖေ‌ဖော်ဝါရီ, 2026 👁 4

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် နောက်ဆက်တွဲ အရေးပေါ်ဆေးကုနေသည့် လူနာတစ်ဦးထပ်မံ သေဆုံးခဲ့ရသဖြင့် သေဆုံးသူ ၁၈ ဦး အထိရှိလာနေသည်။

ယမန်နေ့က စစ်ကောင်စီသည် ယိုးငူကျေးရွာ ဈေးအနီးအဝိုက်ကို တိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်၊ အမျိုးသမီး များအပါဝင် ၁၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၄ ဦး အထိရှိခဲ့သည်။

ယင်းနောက် သက်ကြီးအမျိုးသမီးတစ်ဦးမှာ ယနေ့တွင် ထပ်မံသေဆုံးသွားခြင်း ဖြစ်သည်။

ရခိုင်ဒေသခံတစ်ဦးက “သူတို့က အပြစ်မဲ့ပြည်သူတွေကို အခုလိုမျိူး ရက်ရက်စက်စက် ဗုံးကြဲတာဟာ တော်တော် ဆိုးတဲ့ လုပ်ရပ်ဖြစ်တယ်ဗျာ။ စစ်တိုက်လို့ မနိုင်ရင် အရပ်သားတွေကို လေကြောင်း တိုက်ခိုက်တာတွေ အကြိမ်ကြိမ်လုပ်တယ်။ အပြစ်မဲ့ပြည်သူ အများကြီး အသက်ရှုံးရတယ်။ မနေ့က ဖြစ်ရပ်ဆိုရင်လည်း ကြားတာနဲ့ တော်တော်လည်းကို စိတ်မကောင်း ဖြစ်ရတယ်” ဟု ပြောသည်။

ယိုးငူကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း နေအိမ် ၁၃ ဆောင်ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ယိုးငူဖြစ်စဉ်နှင့် ပတ်သက်ပြီး အရပ်သားပြည်သူများ သေဆုံးသည့် ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ULA လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ကလည်း ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ကျေးရွာများအတွင်းသို့ ဗုံးကြဲတိုက်ခိုက် ခြင်းသည် နိုင်ငံတကာစစ်ရာဇဝတ်မှု (War Crimes) နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity) ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း HDCO က ဆိုသည်။

HDCO အနေဖြင့် စစ်ကောင်စီ၏ ယခုလို အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး၊ ထိခိုက်၊ သေဆုံးသွားရသော မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းလည်း HDCO က ပြောသည်။

“စစ်ကောင်စီကတော့ အမြဲတမ်း လူ့အခွင့်အရေးကို ချိူးဖောက်နေတာဘဲ။ ရခိုင်ပြည် တစ်ခုတည်း လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်။ အပြစ်မဲ့ ပြည်သူတွေ ဒီထက်ပိုမိုပြီး အသက်မရှုံးရအောင် နိုင်ငံတကာ အနေနဲ့လည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုမယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေက စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ ဘုန်းတော်ကြီးကျောင်း၊ လူနေကျေးရွာများကို လေကြောင်းဗုံးကြဲမှုများ အဆက်မပြတ်တိုက်ခိုက်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးသမားများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မြောက်ဦးဆေးရုံကြီးကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၃၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ၇၈ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

DMG