ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ကျေးရွာလုံခြုံရေး အကြောင်းပြပြီး နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် နေအိမ်များကို ငွေကျပ်သိန်းဆယ်ချီ ကောက်ခံနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာတွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား လကုန်နောက်ဆုံးထား၍ ကောက်ခံထားခိုင်းသည်ဟု ဒေသခံများက ပြောဆိုသည်။
အစည်းဝေး တက်ရောက်ခဲ့သူတစ်ဦးက “အစည်းအဝေးသာ ပြောတယ်။ ရွာသားတွေရဲ့ အခက်အခဲလည်း တင်ပြလို့ မရဘူး။ သူတို့ပြောချင်တာ ပြောပြီးပြန်တာပဲ။ အစည်းအဝေးနဲ့ မတူဘူး၊ ဓါးပြတိုက်နေသလိုပဲ” ဟု ပြောသည်။
PNA အဖွဲ့က နိုင်ငံခြားတွင် သွားရောက် အလုပ် လုပ်ကိုင်သည့် နေအိမ်များကို ကျပ် ၁၀ သိန်း၊ အသက် ၆၀ ကျော် အမျိုးသားများသာ ကျန်ရှိတော့သည့်နေအိမ်များကို ကျပ် ၅ သိန်းနှင့် အမျိုးသမီးသီးသန့်သာကျန်ရှိတော့သည့် နေအိမ်များကို ကျပ် ၃ သိန်း အသီးသီးသတ်မှတ်၍ ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ငွေကြေးမထည့်ဝင်နိုင်သည့် နေအိမ်များအား စစ်မှုထမ်းခေါ်ယူသွားမည်ဖြစ်ပြီး စစ်မှုထမ်းရန် အမျိုးသားမရှိသည့် နေအိမ်များအား လူစားထိုးစရိတ်အဖြစ် ငွေကျပ် သိန်း ၁၀၀ ကျော် အရစ်ကျ ကောက်ခံသွားမည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် ဘုရားဖြူရွာခံတစ်ဦးက “နိုင်ငံခြားမှာနေရတာ နေစရိတ်စားစရိတ် မလွယ်ဘူး။ တရားဝင်ဖို့လည်း ကုန်ရသေးတယ်။ ဒီကြားထဲ သူတို့က နိုင်ငံခြားရောက်တဲ့သူတွေပဲ ဖိကောက်နေ တော့ ကျမတို့မှာ တော်လှန်ရေးပွဲလည်း ထည့်ရ၊ PNO လည်းထည့်ရနဲ့ အိမ်အတွက် မကျန်တော့ဘူး” ဟု ပြောသည်။
ယခင်ကလည်း တစ်နှစ်စာ စစ်အသုံးစရိတ်ဟု ဆိုကာ PNA အဖွဲ့က ငွေကျပ်သိန်းချီ ကောက်ခံခဲ့ဖူးပြီး ယခုတကြိမ်တွင်လည်း တစ်နှစ်စာဟု ထပ်မံပြောဆိုခဲ့သောကြောင့် ဒေသခံများအနေဖြင့် အယုံကြည်မရှိဘူးဟု ပြောဆိုကြသည်။
ဆီဆိုင်မြို့တွင် တိုက်ပွဲများ ငြိမ်သက်ပြီးနောက် ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်များတွင် စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တို့ အကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။
NMG ပေးပို့သည်။