ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီးတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က အသက် ၆၀ ကျော်အရွယ် စစ်ဘေးရှောင်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း PNA နှင့် နီးစပ်သူက ပြောသည်။
စံကားမြို့အနီး၊ လွယ်လုံကျေးရွာတွင် PDF ဆက်စပ်မှုဖြင့် စစ်ဘေးရှောင်ထွက်လာသည့် အမျိုးသား ၇ ဦးကို PNA အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အသက်အကြီးဆုံးဖြစ်သည့် ဦးဆောင်ဆိုသူကို ဆိုက်ခေါင်မြို့ စစ်ကြောရေးစခန်းတွင် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
PNA နှင့် နီးစပ်သူက “ဆိုက်ခေါင် ငရဲခန်းမှာ ၇ ယောက်လုံး သေနတ်ဒင်နဲ့ ရိုက်စစ်တာ။ ၄ ရက်လုံး အရိုက်ခံရတာ သွေးတွေဆိုရင် ခေါင်းထဲမှာ ခဲနေတာပဲတဲ့။ ၄ ရက်လုံး ထမင်း ၃ နှပ်နဲ့ ရေတခွက်ပဲတိုက်တာတဲ့။ လုပ်ရက်လိုက်ကြတာ” ဟု ပြောသည်။
အဆိုပါ အမျိုးသား ၇ ဦးမှာ ၎င်းတို့ စစ်ဘေးရှောင်ထွက်လာသည့် ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက လွယ်လုံစစ်ဆေးရေးဂိတ်တွင် PNA က ၂ ဦးတစ်တွဲ ကြိုးတုတ်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဦးဆောင်ဆိုသူကိုမူ တစ်ဦးတည်း လက်ထိပ်ခတ်ထားသည်ဟု ၎င်းက ပြောသည်။
ထို့နောက် ဦးဆောင်အား သတ်ဖြတ်ခဲ့ပြီး သတင်းဖုံးဖိထားခိုင်းသည့်အပြင် ကျန် ၆ ဦးကိုလည်း အောင်ဆုဗွေစခန်းသို့ ခေါ်ဆောင်၍ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု ပုဂ္ဂိုလ်ရေးအရလွတ်မြောက်လာသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၆၀ ကျော် စစ်ရှောင် ဦးဆောင်အပါအဝင်၊ အသက် ၂၀ ဝန်းကျင်အရွယ် ၅ ဦးနှင့် အသက် ၂၆ နှစ်အရွယ်တစ်ဦးတို့ဖြစ်ပြီး နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိသည့်အပြင် စစ်ဘေးရှောင်များနှင့် PDF များကို ကူညီထောက်ပံ့နေခြင်းမျိုးလည်း မရှိကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ပြောဆိုကြသည်။
ကျန်သည့် လူငယ် ၆ ဦးမှာ ဩဂုတ်လ ၈ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြသော်လည်း ဖုန်း ၆ လုံးနှင့် ဆိုင်ကယ် ၄ စီးကိုမူ PNA က သိမ်းဆည်းသွားပြီး တစ်ဦးကို ကျပ်သိန်း ၂၀ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၂၀ ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။
NMG ပေးပို့သည်။