ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ပအိုဝ်းတောင်သူများ၏ မြေယာဧက သောင်းချီ အဓမ္မသိမ်းဆည်းခံရပြီး စိုက်ပျိုး၍မရသည့် မြေကွက်ငယ်များဖြင့် အစားထိုးခံနေရသည်။
ပအိုဝ်းတိုင်းရင်းသား တောင်သူများ ပိုင်ဆိုင်သည့် မြေယာဧက တစ်သောင်းရှစ်ထောင်ကျော်ကို စစ်ကော်မရှင်နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က မြို့ပြစီမံကိန်းအကြောင်းပြကာ အဓမ္မ သိမ်းယူနေပြီး၊ အစားပြန်ပေးသည့် မြေကွက်ငယ်များမှာ တောင်သူများအတွက် အသက်မွေးဝမ်းကျောင်းပြုရန်ပင် လုံးဝ မလုံလောက်ကြောင်း ဒေသခံများက ပြောသည်။
ဟိုပုံးမြို့နယ်၊ ညောင်ဗက်ကျေးရွာရှိ တောင်သူများပိုင်ဆိုင်သော မြေဧက ၁၄,၀၀၀ ကျော်အပါအဝင် မြို့နယ် အတွင်းရှိ မြေယာများကို PNA နှင့် မြေပွဲစားများ ပူးပေါင်းကာ သိမ်းယူနေခြင်းဖြစ်ပြီး၊ အစားပြန်ပေးသည့် ပေ ၂၀ – ၄၀ ခန့်သာရှိသော မြေကွက်ငယ်များကိုပင် ငွေကျပ်သိန်း ၅၀ ဖြင့် ပြန်လည်ရောင်းချနေသည်ဟု ဆိုသည်။
ဒေသခံတောင်သူတစ်ဦးက “ပအိုဝ်းပြည်သူတွေအနေနဲ့ ယာမြေ ပေ ၂၀ – ၅၀ ဆိုတာက အသက်မွေးဝမ်းကျောင်းပြုလို့ မရပါဘူး။ ပအိုဝ်းပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းပြုဖို့အတွက်က လယ်ယာတွေ၊ တောင်ယာတွေရှိဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ပအိုဝ်းပြည်သူတွေရဲ့ မြေကို ဒီလိုမျိုး သိမ်းဆည်းနေတာဟာ ပြည်သူလူထုရဲ့ဘဝကို သတ်ဖြတ်လိုက်တာနဲ့ အတူတူပဲလို့ ကျနော်ပြောချင်ပါတယ်” ဟု ပြောသည်။
အဆိုပါမြေယာများကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် PNA အဖွဲ့၊ ထွေအုပ်နှင့် မြေပွဲစားများ ရောက်ရှိလာပြီး အဓမ္မသိမ်းယူခဲ့ခြင်းဖြစ်သည်။
ထိုသို့သိမ်းယူစဉ် ဒေသခံများနှင့် PNA အဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဒေသခံ ၁၀ ဦးကို ဟိုပုံးရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် ဧပြီလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခံထားရသူများအနက် အမျိုးသား ၆ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့မှာ ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများ ရရှိထားကြောင်း နီးစပ်သူများက ပြောသည်။
နီးစပ်သူတစ်ဦးက “လွတ်လာတဲ့ ခြောက်ဦးကတော့ အကုန်လုံး အမျိုးသားတွေချည်းပါပဲ။ ဒဏ်ရာတွေတော့ ရထားကြတယ်၊ ရိုက်နှက်နှိပ်စက်ခံရတယ်လို့ သိရပါတယ်။ ကျန်တဲ့ လေးဦးကတော့ အမျိုးသမီးနှစ်ဦး၊ ရွာသူကြီးနဲ့ နောက်တစ်ဦး ကျန်နေသေးတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများနှင့် ကျေးရွာရှိ အိမ်ထောင်စု ၆၆ စုကို ရွာမှ ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းထားကြောင်းလည်း ဆိုသည်။
ညောင်ဗက်ကျေးရွာရှိ မြေယာများကို ၁၉၉၂ ခုနှစ်ကတည်းက တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် စစ်ဘက်ဆိုင်ရာ တပ်ရင်းများတည်ဆောက်ရန် လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် အရပ်သားအစိုးရလက်ထက်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း ယခုအခါ စစ်ကော်မရှင်အဖွဲ့ဝင် ခွန်စံလွင်နှင့် PNO/PNA ခေါင်းဆောင်များက မြို့ပြစီမံကိန်းအကြောင်းပြကာ မြေပွဲစားများနှင့် ပူးပေါင်း၍ အကွက်ရိုက် ရောင်းစားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တောင်သူများအနေဖြင့် ယခင်က တစ်ဦးလျှင် အနည်းဆုံး ၂ ဧကခန့် ပိုင်ဆိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးခဲ့ကြသော်လည်း ယခုအခါ စိုက်ပျိုး၍မရသည့် မြေကွက်ငယ်များဖြင့် အစားထိုးခံရကာ ဘဝရပ်တည်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်