ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကြီး ခြံဝင်းအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျတစ်လုံး ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၆ နှစ် (သို့) ၇ နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။
ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မြို့မရပ်ကွက်ရှိ ဆေးရုံကြီးအနီးရှိ ဝန်ထမ်းဆောင်အတွင်းသို့ ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၁ နာရီခန့်က ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝမြို့ဒေသခံများက ပြောသည်။
“ ဆေးရုံကြီးထဲက ဝန်ထမ်းအိမ်ရာမှာ ကျတာပါ။ ဝန်ထမ်းအဆောင်အမိုး ပွင့်ထွက်သွားပါတယ်။ ၂၈၉ တပ်ကနေ စစ်ပွဲဖြစ်တဲ့ နေရာတွေကို တပ်ကူပစ်ပေးနေတာပါ။ အဲဒီလို ပစ်တဲ့အခါမှာ မြို့ထဲကို ကျလာတာပါ” ဟု ပလက်ဝမြို့ခံ လူငယ်တစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်၏ ထိခိုက်ဒဏ်ရာမှာ ပြင်းထန်ပြီး ထပ်မံဒဏ်ရာရရှိသူ မရှိဟု ကနဦး ကြားသိထားရကြောင်း ပလက်ဝမြို့ခံတစ်ဦးက အခုလိုပြောသည်။
“ RPG ကျတာလို့ သိရတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူကတော့ များများစားစား မရှိသေးဘူး။ ဆေးရုံ အနောက်ဘက်က ဝန်ထမ်းအိမ်ရာမှာ ကျတာပါ။ မြို့ပေါ်အနေအထားမှာကျတဲ့အခါတော့ စိုးရိမ်စရာ ရှိတယ်ပေါ့နော်။ အရင်တုန်းကတော့ ဒီလို မြို့ပေါ်မှာလာကျတာတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။
ပလက်ဝမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လက်နက်ကြီးကျည် ကျရောက်မပေါက်ကွဲခင်တွင် ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းက လက်နက်ကြီးများဖြင့် နာရီဝက်အကြာ ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိပြီး ဆေးရုံဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက်တွင် လက်နက်ကြီး ပစ်ခတ်သံများ ရပ်တန့်သွားကြောင်း ဒေသခံများက ပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ ၄ ရက်က ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် အခြားဗျူဟာကုန်းတစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်ရရှိရန်အတွက် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲထဲက လက်နက်ကြီးသံများ၊ လေယာဉ် ဗုံးကြဲချသံများကို ပလက်၀မြို့ပေါ်ကပါ ကြားနေရသည်ဟု ဒေသခံတို့က ပြောဆိုသည်။
နိရဉ္စရာ ပေးပို့သည်။