ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ချင်းတော်လှန်ရေးအင်အားစုများကို ထောက်ပံ့ကူညီနေသည့် စွပ်စွဲချက်ဖြင့် ချင်းပြည်သူ ၃၀ နီးပါးကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC ထံက သိရသည်။
IKACC က ပြုစုထားသော စာရင်းများအရ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ပလက်ဝမြို့နယ်တွင် ULA/AA က ချင်းပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် အသက် ၄၀ ခန့်အရွယ် အမျိုးသမီး ၁ ဦး အပါအဝင် ၁၅ ဦးကျော် ကျန်ရှိနေသေးကြောင်း IKACC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း၌ ပလက်ဝမြို့နယ်က ဒေသခံပြည်သူ ၁၃ ဦးကို ချင်းတော်လှန်ရေးအင်အားစုကို ထောက်ပံ့သည့်စွပ်စွဲချက်ဖြင့် ULA/AA က ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ ယင်းတို့ထဲတွင် CDF- ပလက်ဝ ဒုတိယစခန်းမှူး တာဝန်ယူထားသူ ရဲဘော်တစ်ဦးလည်းပါဝင်ကြောင်း IKACC ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
“၂၀၂၃ ကတည်းက အဓိက က CNA ၊ CDF တွေကို အားပေးထောက်ခံတယ်။ ငွေကြေးအားဖြင့်ဖြစ်စေ၊ အစစအရာရာပေါ့နော် သူတို့ကို ပံ့ပိုးကူညီတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးထားတယ်လို့ပဲသိရတယ်။ လက်ရှိမှာလည်း ၂၀၂၄ မှာ လွန်ခဲ့တဲ့လက ဖမ်းဆီးတဲ့ ၁၃ ဦးကိုလည်းပဲ CDF တွေနဲ့ အဆက်အသွယ်ရှိတယ်၊ ထောက်ပံ့ကူညီတယ် ဆိုတဲ့ဟာနဲ့ ဖမ်းတာမျိုးဖြစ်တယ်” ဟု IKACC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဆက်လက်ပြီး ၎င်းက “အဲအထဲမှာ CDF ပလက်ဝက တစ်ယောက်ပါတယ်၊ ဒုစခန်းမှူးပေါ့နော်။ သူကို ဘာလို့ဖမ်းတာလည်းလို့မေးတဲ့အချိန်မှာ သာမန်ရာဇဝတ်မှုမဟုတ်ဘူး၊ ကြီးမားတဲ့ရာဇဝတ်မှုကြောင့် ခဏထိန်းသိမ်းထားတယ်ဆိုတာ ပြောပါတယ်။ အဲဒါအကုန်လုံးကို ပြန်လွှတ်နိုင်ဖို့ကို ညှိနှိုင်းနေတာတော့ရှိတယ်” ဟု ပြောဆိုသည်။
ULA/AA နှင့် IKACC တို့အကြားတွင် အပြန်အလှန်ဆက်သွယ်နိုင်ရန် နှစ်ဖက်ဆက်သွယ်ရေးတာဝန်ခံများထားရှိ၍ ဆွေးနွေးပြောဆိုမှုများလည်းရှိနေကြောင်း IKACC ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောဆိုသည်။
ဖမ်းဆီးခံထားရသူများသည် ပလက်ဝမြို့နယ်ထဲက မီးဇာရွာ၊ ချင်းထောက်ရွာ၊ ပြင်ဝရွာအပါအဝင် ကျေးရွာ ၈ ရွာခန့်က ဒေသခံပြည်သူများဖြစ်ကြောင်း IKACC ထံမှ သိရသည်။
Global Khumi Organization (GKO) အဖွဲ့ကလည်း စက်တင်ဘာလအတွင်းက ULA/AA သည် CDF – ပလက်ဝကို ထောက်ပံ့သည်ဟုဆိုကာ ကျေးရွာ ၄ ရွာမှ ပြည်သူအနည်းဆုံး ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
ပလက်ဝမြို့ပေါ် ပလက်ဝဆေးရုံအုပ် (ယာယီ) ဒေါက်တာအေးကျော်နှင့် ဒေသခံပြည်သူ ၂ ဦးကိုလည်း စက်တင်ဘာ ၂၉ ရက်နေ့တွင် ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပိုမိုပြုလုပ်လာသောကြောင့် စက်တင်ဘာလအတွင်း၌ ဒေသခံတချို့သည် မိသားစုလိုက် မီဇိုရမ်ဘက်သို့ ထပ်မံထွက်ပြေးလာနေကြကြောင်း မီဇိုရမ်ရှိ စစ်ဘေးရှောင်များ ပြောဆိုမှုအရ သိရသည်။
KMG ပေးပို့သည်။