ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရိတ်သိမ်းပြီးသိုလှောင်ထားရသည့် စပါးများ ပျက်စီးဆုံးရှုံးမှု ရှိလာမည်ကို စိုးရိမ်နေကြောင်း ဒေသခံစစ်ရှောင်တောင်သူများက ပြောဆိုသည်။
စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ တိုက်ပွဲများ၊ စစ်ကောင်စီ၏ လေကြောင်းဖြင့်တမျိုး၊ လက်နက်ကြီးဖြင့်တမျိုး ပစ်ခတ် တိုက်ခိုက်မှုများကြောင့် လမ်းပိတ်ဆို့နေပြီး ရိတ်သိမ်းသိုလှောင်ထားရသောစပါးများ ထိခိုက်ပျက်စီးမည့်အရေးကို စိုးရိမ်နေရသည်ဟု ကျောက်ကြီးမြို့နယ် နတ်သံကွင်းအုပ်စုအတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။
“ကျနော်တို့ နတ်သံကွင်းဘက်က စပါးစိုက်သူတိုင်းနီးပါးပေါ့ဗျာ၊ လမ်းတွေ ပိတ်ဆို့နေတော့ စပါးတွေကိုရိတ်ပြီး လယ်ထဲမှာပဲ ပုံထားရတယ်။ သယ်ဖို့ကလည်း ပို့ခက ပဲနွယ်ကုန်းအထိ အရောက်ဆိုရင် ၂ သိန်းခွဲ လောက် သွားကျမယ်။ မပို့နိုင်သေးတုန်း လေယာဉ်နဲ့ လက်နက်ကြီးကျရင် လယ်ထဲမှာ ပုံလှောင်ထားတဲ့ စပါးတွေ မီးလောင် ပျက်စီးမယ့်ရန်ကိုလည်း ကြောက်နေရသေးတယ်။ စပါးဈေးကောင်းပေမယ့် ပို့ရတာ အခက်အခဲရှိနေတာ” ဟု ၎င်းက ပြောသည်။
ယခင်စစ်အာဏာမသိမ်းခင်က ဒေသအတွင်း စပါးလာရောက်ဝယ်ယူကြသော ပွဲစားများမှာ ယခုလို နယ်မြေ မတည်ငြိမ်ချိန်တွင် လာရောက်နိုင်ခြင်း မရှိတော့သဖြင့် စပါးထုတ်မရောင်းနိုင်ကြသလို ပစ်ခတ်မှုများကြောင့် နေရပ်ပြန်မနေရဲသည့်အတွက် စပါးမရိတ်သိမ်းနိုင်ဘဲ လက်လွှတ်ဆုံးရှုံးလိုက်ရသော စစ်ရှောင်တောင်သူများလည်း ရှိနေကြောင်း သိရသည်။
မုန်းမြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးက “တောင်သူတွေက စပါးကုန်သည်ပွဲစားတွေဆီ ရောက်ဖို့လမ်းကို အဆင်မပြေတာ။ အရင်ကဆို စပါးပွဲစားတွေ အများကြီးရှိတယ်။ အခုက နယ်မြေအခြေအနေကြောင့် သူတို့လည်း ဒီဘက်ထိလာဖို့ အဆင်မပြေတော့ဘူး။ တက်ရောင်းချင်ပေမယ့် သွားလာတာခက်ခဲတော့ လှောင်ပဲထားရတယ်။ တချို့ စပါးမရိတ်ရတဲ့နေရာတွေဆို ပျက်စီးသွားတာ အများကြီးပဲ” ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌လည်း မိုးရွာသွန်းမှု များပြားရာမှ မြစ်ရေမြင့်တက်ခဲ့တာကြောင့် ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာများရှိ စပါးခင်းများ ရေနစ်မြှုပ်ပျက်စီးခဲ့ရပြီး လယ်ဧကပေါင်းထောင်ချီ ပျက်စီး ဆုံးရှုံးခဲ့ရသေးသည်။
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်ရှိ စပါးစိုက်တောင်သူလယ်သမားများ အပါအဝင် အခြားဒေသခံများမှာ ယင်းသို့အခက်အခဲများ ရင်ဆိုင်နေရသည့်အတွက် လူမှုစီးပွားရေး ထိခိုက်ရသလို ပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် နေရပ်ပြန်မနေနိုင်ကြသေးဘဲ ဘေးလွတ်ရာတွင် အဆင်ပြေသလို နေထိုင် စားသောက်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
KNU အပါအဝင် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့နှင့် အခြားအရပ်ဖက်အဖွဲ့များမှ စစ်ဘေးရှောင် ပြည်သူများအား လက်လှမ်းမီနိုင်သလောက် တတ်အားသရွေ့ကူညီ ထောက်ပံ့ပေးနေသော်လည်း ခရိုင်တစ်ခုလုံး အားဖြင့် စစ်ရှောင်ဦးရေ ၂ သိန်းကျော်၏ လိုအပ်ချက်ကို လုံလောက်မှု ရှိစေရန် အခက်အခဲရှိသလို ပွင့်လင်းရာသီ ကျော်လွန်ချိန်တွင် စစ်ရှောင်လူထုအခြေအနေ ပိုဆိုးလာနိုင်ကြောင်း စစ်ရှောင်အရေးကူညီနေသူများက သုံးသပ် ပြောဆိုကြသည်။
KIC ပေးပို့သည်။