ပညာရေးကဏ္ဍသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အရေးကြီးဆုံးဟု NUG ပြောဆို

By MPM 18 ဩဂုတ်, 2024 👁

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပညာရေးဌာနသည် အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း “ညီညွတ်သောတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးဆီသို့” သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောသည်။

ဝန်ကြီးဒေါက်တာဇော်ဝေစိုးက “ပညာရေးဌာနဟာ အဓိကအရေးကြီးဆုံး အခန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဓိက တော်လှန်ရေး အင်အားစုကြီးဟာ ပညာရေးအင်အားစုကြီးပဲ ဖြစ်ပါတယ်။ တော်လှန်တဲ့ကျောင်းသားတွေ၊ တော်လှန်တဲ့ ဆရာ၊ ဆရာမတွေ တော်လှန်ရေး ဝန်ထမ်းနေတဲ့ အင်အားတွေဟာ ဒီနေ့တော်လှန်ရေး အင်အားစုများထဲမှာ အကြီးမားဆုံးအင်အားစုဖြစ်ပါတယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေး ဝန်ကြီးဌာန၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်တို့မှ ဩဂုတ်လ ၁၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ခြင်းမှတဆင့် လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းသွားသည့်အခါတွင်လည်း CDM ကျောင်းသားကျောင်းသူများ၊ CDM ဆရာ/ဆရာမများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ လက်နက်ကိုင်တော်လှန်ရေး အင်အားစုထဲတွင် အကြီးမားဆုံးပါဝင်နေသည့် အင်အားစုဖြစ်သည်ဟု ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ဦးဗညားက တော်လှန်ရေးကာလအတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM အခန်းကဏ္ဍ အရေးပါပုံနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောသည်။

“ဒီ CDM တွေက တကယ့်ကို ဒီလူထုတော်လှန်ရေးမှာပေါ့နော်၊ အတက်ကြွဆုံးသော ကျနော်တို့ စုပေါင်းအင်အားကြီး တစ်ခုဖြစ်တယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်လည်း စစ်ကောင်စီရဲ့ယန္တရား တော်တော်များများမှာ ကသောင်းကနင်းတွေ ဖြစ်တယ်။ ကျနော်တို့ ကရင်နီပြည်မှာဆို လုံးဝကို ဒီဝန်ဆောင်မှုတွေ တော်တော်များများ ရပ်တန့်သွားတာလည်း ဒီ CDM လှုပ်ရှားမှုကြောင့်လည်းပါပါတယ်” ဟု ဦးဗညားက ပြောသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်တောင်းဆိုမှုများကို စစ်တပ်က ရက်စက်စွာဖမ်းဆီးခြင်းနှင့် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမ ထောင်ကျော်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနက ဆိုသည်။

ဒေါက်တာဇော်ဝေစိုးက “တကယ်တော့ ဒီ ဖက်စစ်စစ်တပ်ရဲ့ ရက်စက်မှုကြောင့် အသက်ပေးခဲ့ရတဲ့ ကျောင်းသားတွေ အသက်ပေးခဲ့ရတဲ့ ဆရာတွေ ထောင်ကျော်နေပြီဖြစ်တယ်။ Data တွေက Under report ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့က ဒါတွေကို ထုတ်ဖော်မပြောကြားလိုတဲ့အတွက် မိသားစုတွေရဲ့ လုံခြုံရေးအတွက် ပြောကြားခြင်းမရှိဘဲနဲ့ အရေအတွက်တွေကို ကျနော်တို့ ပွင့်လင်းစွာချပြထားခြင်းမရှိတာ ဖြစ်တယ်” ဟု ပြောသည်။

ပညာရေးကဏ္ဍ CDM များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ တီထွင်ကြံဆမှု၊ သုတေသနပြုမှု စသည့် ပညာရပ်များကို တော်လှန်ရေးအတွင်း အသုံးပြုပါဝင်မှုသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ အဆင့်မြင့်သည့် တော်လှန်ရေးတစ်ရပ်ဖြစ်သည်ဟု NUG က ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့သည့် ဌာနများအနက် ပညာရေးဌာနမှ အခြေခံပညာရေးကဏ္ဍတွင် ၁၁၈,၈၄၇ ဦး၊ အဆင့်မြင့် ပညာရေးကဏ္ဍတွင် ၁၃,၆၅၂ ဦးနှင့် သက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍတွင် အယောက် ၂,၄၀၀၊ စုစုပေါင်း အယောက် ၁၃၄,၈၈၉ ဦးရှိပြီး CDM ပါဝင်မှု အများဆုံးဌာနဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းများအရ သိရသည်။

NMG ပေးပို့သည်။