စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဧပြီ ၁၁ ရက် လေကြောင်း တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရပြီး ထိုအထဲ၌ အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၄၀ ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၁၆ ရက်၌ ထုတ်ပြန်သည့် စာရင်းထဲတွင် ဖော်ပြထားသည်။
စုစုပေါင်းသေဆုံးသူ ၁၆၈ ဦးရှိပြီး အသက်ငါးနှစ်အောက် ကလေးငယ် ခြောက်ဦး၊ ငါးနှစ်မှ ၁၄ နှစ်ကြား ၁၉ ဦး၊ ၁၄ နှစ် မှ ၁၈ နှစ်ကြား ငါးဦးနှင့် အသက်ခွဲခြားမရသည့်ကလေးငယ် ၁၀ ဦး သေဆုံးခဲ့ပြီး၊ ၁၈ နှစ်အထက် လူကြီး ၁၂၈ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။
သေဆုံးခဲ့ရသူများ၏ အမည်၊ အသက် နေရပ်လိပ်စာများကို စာရင်းပြုစု ထုတ်ပြန်ထားရာတွင် ဖော်ပြထားသည်။
ဒဏ်ရာရသူ စုစုပေါင်း ၁၆ ဦးရှိပြီး NUG ၏ ဆေးတပ်ဖွဲ့က ကုသပေးနေကြောင်း၊ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရှိပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေကြောင်း၊ ယခုလို လေကြောင်းတိုက်ခိုက်ခံရ မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး တရားမျှတမှုပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီ၏လုပ်ရပ်ကို လက်မခံနိုင်ကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုထားသည်။
“ စစ်ကောင်စီအနေနဲ့ ဒါဟာ စစ်စခန်းတစ်ခု မဟုတ်ဘူးဆိုတာသိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတစ်ရွာအပေါ် အငြှိုးတကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် သေဆုံးသူများ၊ ဒဏ်ရာရသူများနှင့် ထိခိုက်ခံစားကြရသည့် ပြည်သူများမှာ များပြားလွန်းသည့် အတွက် ဒေသတွင်း တုံ့ပြန် ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ထက် ကျော်လွန်နေသဖြင့် ပြည်ထောင်စုအဆင့် ဖြစ်ပွားသည့် ဘေးအန္တရာယ် တစ်ရပ်ဟုရှုမြင်ကာ ပြည်ထောင်စု ဝန်ကြီးဌာနများ၏ ကြီးကြပ်ကွပ်ကဲမှု၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ တာဝန်ခံအသီးသီး၏ စီမံခန့်ခွဲမှုဖြင့် ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့်တို့တွင် ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ချက်ရှိပါကြောင်း ဖော်ပြထားသည်။
ဧပြီ ၁၁ ရက် နံနက်ပိုင်းက ပဇီကြီးရွာ၌ လူစုလူဝေးနှင့် အခမ်းအနားကျင်းပနေစဉ် စစ်ကောင်စီတပ်၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၆၀ ကျော်တို့သည် ခန္ဓာကိုယ်ခြေလက် အင်္ဂါများ အပိုင်းပိုင်းပြတ်ကာ ရက်ရက်စက်စက် အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
သေဆုံးခဲ့ရသူများအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူပေးရန်နှင့် စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီ မရောင်းချဖို့ တောင်းဆိုကြောင်းလည်း သိရသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

