ပင်လည်ဘူးမြို့ရှိ ဒေသခံစစ်ရှောင်များ နေရပ်ပြန်နေထိုင်နိုင်ရန်မျှော်လင့်နေ

By MPM 28 အောက်တိုဘာ, 2024 👁

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်းတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၃ ပတ်ကျော် ကြာမြင့်လာချိန်တွင် စစ်ရှောင်ဒေသခံများမှာ နေရပ်ပြန်လည်နေထိုင်နိုင်ရေး မျှော်လင့်နေကြကြောင်း သိရသည်။

ပင်လည်ဘူးမြို့ ဒေသခံများသည် ၂၀၂၂ ခုနှစ်ကတည်း မြို့အနီးတိုက်ပွဲများကြောင့် မြို့နေလူထု သုံးပုံနှစ်ပုံကျော်မှာ နေရပ်စွန့်ခွာခဲ့ပြီး နှစ်နှစ်ကျော်ကြာ လူနေထိုင်ခြင်းမရှိသည့် မြို့တစ်ခုလည်း ဖြစ်နေခဲ့သည်။

ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၉ ရက်နေ့တွင် မြို့ကိုအလုံးစုံ သိမ်းပိုက်နိုင်ကြောင်း NUG က သတင်းထုတ်ပြန်ပြီးနောက် မြို့အခြေအနေများကို NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သွားရောက်ကြည့်ရှုခဲ့သည်။

ပင်လည်ဘူးမြို့ပေါ်တွင် မြေမြှုပ်မိုင်းအန္တရာယ် ၊ မပေါက်ကွဲသေးသည့် လက်နက်များ၊ ဗုံးများနှင့် လက်နက်ကြီး အန္တရာယ်များအပြင် နှစ်နှစ်ကျော်ကြာမြင့်စွာ လူနေထိုင်ခြင်းမရှိသည့် မြို့တစ်ခု ဖြစ်နေသောကြောင့် ပြန်လည် ရှင်းလင်းရေးလုပ်ငန်းများစွာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပင်လည်ဘူးမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် CDM ကျောင်းဆရာတစ်ဦးက ပြောပါသည်။

“နေလို့ မရသေးဘူး၊ မနေကြသေးပါဘူး၊ လေကြောင်းက စိုးရိမ်စရာ ရှိပါသေးတယ်။ လေကြောင်းက သိတဲ့ အတိုင်းပဲ။ မထင်ရင်မထင်သလို လူအိပ်ချိန်ကြီး လာကြဲချလိုက်ရင် သွားပြီ။ လွယ်တော့ မလွယ်ပါဘူး။ မြို့က အပျက်စီး တော်တော်များတယ်” ဟု ၎င်းက ဆိုသည်။

NUG က သိမ်းပိုက်ထားပြီးသည့် ပင်လည်ဘူးမြို့ရှိ အုပ်ချုပ်ရေး၊ ဆေးရုံဆေးပေးခန်းများနှင့် အစိုးရဌာနဆိုင်ရာအဆောက်ဦးများ၊ လူနေအိမ်များ ၊ လမ်းတံတားများ အစရှိသည့်တို့သည့် အလုံးစုံပျက်စီးနေသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

ထိုအပျက်အဆီးများကြောင့် နေအိမ်ပြန်နိုင်ရေး အဟန့်အတားဖြစ်နေသည်ဟုလည်း မန္တလေးမြို့သို့ စစ်ရှောင်ထွက်ပြေးတိမ်းရှောင်နေသူ ပင်လည်ဘူးမြို့ခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောဆိုသည်။

“ပင်လည်ဘူးမြို့က အမတို့အိမ်လေးတော့ ပါသွားပြီလို့ ကြားတယ်၊ ပြန်ပြင်နေလို့ မရတော့ဘူးထင်တယ်။ ပြန်ဆောက်ရတော့မယ့် အနေထားပါ့” ၎င်းက ပြောပြသည်။

မြို့ကို လက်ရှိတွင် NUG က သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်က စိုးရိမ်ဖွယ်ရှိနေသလို စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကြောင့် နောက်တကြိမ် စစ်ဘေးထပ်မံ တိမ်းရှောင်ရမည့်အရေးကိုလည်း စိုးရိမ်သည်ဟု ပင်လည်ဘူးမြို့ခံအမျိုးသမီးက ဆက်ပြောသည်။

ပင်လည်ဘူးမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် စစ်အာဏာသိမ်းမှုကို ပထမဆုံးသော လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့သည့် မြို့တစ်ခုလည်းဖြစ်ပြီး NUG ပထမဆုံး တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကောလင်းမြို့နယ်နှင့် မိုင် ၃၀ ကျော် အကွာတွင်ရှိသည့် မြို့တစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းတစ်ခုလုံး၏ စစ်ရေးအရ အရေးပါသည့်မြို့တစ်ခုလည်း ဖြစ်နေသည်။

ရှမ်းနီအသံ ပေးပို့သည်။