နွေရာသီကြောင့် မိုင်း၊ စစ်ကျန်လက်နက်များ ပေါက်ကွဲတတ်သဖြင့် သတိထားရန် လိုအပ်

By MPM 23 မတ်, 2026 👁 3

ယခု နွေရာသီကာလတွင် အပူချိန် တစတစ ပြင်းထန်လာပြီး မိုင်းနှင့် စစ်ကျန်လက်နက်များ အလိုအလျောက် ပေါက်ကွဲမှုများ ဖြစ်တတ်သဖြင့် တောတောင်မှီခိုပြီး အသက်မွေးဝမ်းကျောင်းလုပ်နေကြသည့် ရခိုင်ဒေသခံများမှာ မိုင်းအန္တရာယ် အထူးသတိထားရန် လိုအပ်ကြောင်း မိုင်းအသိပညာပေး လုပ်နေသူတို့က ထောက်ပြကြသည်။

ရခိုင်ပြည် နေရာအနှံ့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မိုင်းနှင့် စစ်ကျန်လက်နက်များသည် နေရာအနှံ့ ပျံ့ကြဲနေတတ်ကြောင်း ပြောကြသည်။

“အခုလို ပူပြင်းတဲ့ရာသီမှာ တောမီးလောင်တာ ရှိတော့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေက ပုံမှန်ထက်ပိုပြီး အပူချိန်မြင့်တက်လာတယ်။ ဒါကြောင့် အထဲမှာပါတဲ့ယမ်းတွေက မတည်ငြိမ်တဲ့အတွက် ထိခိုက်မှုမရှိရင်တောင် အလိုအလျောက် ပေါက်ကွဲစေနိုင်တယ်။ အဲဒီ ပေါက်ကွဲတဲ့ အပိုင်းအစတွေက အဝေးကို လွင့်စဉ်တတ်တာကြောင့် အနီးမှာရှိတဲ့လူတွေကို ထိခိုက်စေနိုင်တယ်” ဟု ရခိုင်ဒေသတွင် မိုင်းအန္တရာယ် အသိပညာပေးလုပ်နေသူ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင်လည်း မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်ကြောင့် ရခိုင်ဒေသခံ ထိခိုက်သေဆုံးမှုများ နေ့စဉ်ရှိလာနေပြီး တောတောင်ကို အမှီပြုကြသည့် ဒေသခံများအတွက် ပိုပြီး သတိထားရန်လိုအပ်ကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် မြေပုံမြို့နယ် ဝက်ရူးကျေးရွာက ဒေသခံတစ်ဦးမှာ မတ်လ ၂၀ ရက်က ရွာအနီးတောင်တွင် ထင်းခုတ်သွားစဉ် စစ်ကျန် မိုင်းတစ်လုံး နင်းမိကာ ဘယ်ခြေထောက်ပြတ်ထွက်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ထိုနေ့ တစ်ရက်တည်း၌ မင်းပြားမြို့နယ် ဂြမ်းမကျေးရွာက အမျိုးသမီး ၄ ဦးမှာ မင်းပြားကျိန်းတောင်အနီး ထင်းရှာသွားစဉ် မိုင်းနင်းမိသဖြင့် ဒေါ်အေးခိုင်မှာ ခြေထောက် ၂ ဘက်လုံး ပြတ်ထွက် ဒဏ်ရာရသွားကြောင်း သိရသည်။

ဆက်လက်ပြီး ထိုနေ့၌ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ မောင်ဖိုးလပြည့်ဆိုသူသည် ခမရ ၅၄၄ တပ်ရင်း အနီးမှ ၄၀ မမ စစ်ကျန်ဗုံးသီးတစ်လုံးကို ကောက်ယူလာပြီး ထုကစားကြည့်ရာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သည်။

ယင်းကြောင့် လက်ရှိ ရခိုင်ဒေသတွင် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ၊ လက်ကမ်း စာစောင်များနှင့် ဗီနိုင်းများကို လူအများမြင်စေနိုင်သည့် နေရာများ၌ ကပ်ထားရန် လိုအပ်နေကြောင်း လူမှုကူညီရေးလုပ်နေသူများက ဆိုသည်။

“အဓိက တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာ အဲဒီ နေရာနဲ့ နီးစပ်တဲ့ နေရာတွေမှာ မိုင်း အသိပညာပေးတွေ ပိုပြီး လုပ်ပေးသင့်တယ်။ AA ကိုယ်တိုင် အများကြီး မလုပ်နိုင်သေးရင် NGO၊ INGO တွေကို ပွင့်ပွင့်လင်းလင်း လုပ်ခွင့် ပေးစေချင်တယ်။ အခု ဖြစ်ရတဲ့ အကြောင်းရင်းတွေကလည်း အသိပညာ မကြွယ်တာကြောင့်လို့ မြင်တယ်။ ဒါကြောင့် အသက်သေဆုံးတာ လျှော့ချဖို့ အများကြီး လိုအပ်တယ်” ဟု လူမှုကူညီရေးလုပ်နေသူ ကျောက်တော်ဒေသခံတစ်ဦးက ဆိုသည်။

အခြားတစ်ဖက်တွင် မိုင်းအန္တရာယ်ရှိနေသည်ကို သိသော်ငြားလည်း တောတောင်ကို မှီခိုလုပ်စားရသည့် ဒေသခံများမှာ စားဝတ်နေရေး အခက်ခဲကြောင့် မဖြစ်မနေ သွားလာနေရသည်ဟု ပြောဆိုကြသည်။

“ကျနော်တို့မှာက တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ဘဝ ဆိုတော့ တောတောင်ကို မသွားလို့လည်း မရ ဂရုစိုက်ပြီးတော့ သွားနေရတယ်။ မိုင်းအန္တရာယ် ကြောက်ရင်လည်း ဝမ်းရေးရှိသေးတော့ ဒီလိုပါပဲ။ စားဝတ်နေရေးက အဆင်မပြေတော့ ကြံဖန်ပြီးတော့ လုပ်စားရတယ်” ဟု ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ရသေ့တောင်၊ ဘူးသီးတောင် ၊ မောင်တောမြို့များ၌ ဆက်တိုက်လုပ်နေသည်ကို တွေ့ရသည်။

AA မိုင်းရှင်းလင်းရေးအဖွဲ့သည် စစ်ကောင်စီ တပ်စွဲခဲ့သည့် နေရာများ၊ စခန်းဟောင်းများ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများနှင့် လမ်းမဘေးများတွင် မိုင်းရှင်းလင်းရေးများ လုပ်နေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဧပြီလက စပြီး ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်အထိ DMG က ကောက်ယူထားသည့် စာရင်းများအရ ရခိုင်ပြည်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၁၀ ဦးနှင့် ဒဏ်ရာရသူ ၈၀ ဦးအထိ ရှိနေကြောင်း သိရသည်။

DMG