နေပြည်တော်၊ လယ်ဝေးရှိ စစ်အုပ်စုကာကင်းစခန်းကို ကရင်နှင့် ကရင်နီတပ်ဖွဲ့များ စုပေါင်းသိမ်းပိုက်

By MPM 24 ဧပြီ, 2026 👁 127

စစ်တပ်ထိန်းချုပ်နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ စစ်အုပ်စုကာကင်းစခန်းကို ကရင်နှင့် ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ပူးပေါင်းအင်အားဖြင့် ဧပြီ (၂၂) ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာသစ်တွင် တပ်စွဲထားသည့် အင်အား (၂၀) ဝန်းကျင်ရှိ စစ်အုပ်စုကာကင်းစခန်း အား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDO နှင့် သံတောင်မြောက်ပိုင်းအထူးဒေသ တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့မနက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီစခန်းက စစ်ကောင်စီရဲ့လှုပ်ရှားအဖွဲ့တွေ သွားသွားလာလာလှုပ်ရှားတဲ့စခန်းပေါ့။ စခန်းအကြီးပုံစံတော့မဟုတ်ဘူး ကာကင်းဆိုတော့။ အဲဒီမှာ Max စက်ရုံတို့ဘာတို့သူတို့နေနေတာရှိတော့ ကင်းထုတ်ထားတဲ့စခန်း။ အဲဒီနေရာကိုဝင်သိမ်းတာပေါ့” ဟု အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါကာကင်းစခန်းတွင် စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၄၁၁ တပ်ဖွဲ့ဝင်များ အခြေချနေခြင်းဖြစ်ပြီး ယင်းနှင့်အနီးတွင် Max Myanmar ကုမ္ပဏီလီမိတက်ပိုင် ဘိလပ်မြေစက်ရုံတစ်ခုလည်းရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကာကင်းစခန်းရှိစစ်အုပ်စုတပ်များက ဘိလပ်မြေစက်ရုံဝန်းကျင်၌အခြေချနေသော ၎င်းတို့တပ်ဖွဲ့များထံ သွားရောက်အင်အားပူးပေါင်းသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှထိခိုက်သေဆုံးမှုရှိကြောင်း ကနဦးသိရသော်လည်း အသေးစိတ်ကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီဒုတိယအပတ်ကလည်း နေပြည်တော်၊ ပျဥ်းမနားဒေသတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကြောင်းလှည့်လည်ခြင်းရှိခဲ့ပြီး လက်ရှိအချိန်ထိ နယ်မြေစစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

KIC