နိုင်ငံရေးပြဿနာများကိုဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမပါဘဲ လမ်းစမရနိုင်ကြောင်း NLD ပါတီ ထုတ်ပြန်

By MPM 5 ဧပြီ, 2026 👁 5

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသောမြန်မာ့နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးဆောင်ရွက်မှုများမပါဝင်ဘဲ ပြေလည်ရေး လမ်းစမရရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဧပြီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေး အဖြေရှာရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ တို့ပါဝင်တဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုများဖြင့် စုစည်း ထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) က သဘောထား (၉) ချက် ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာ့အရေးကို ဖြေရှင်းရာ၌ အနှစ်သာရရှိသော ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေးအတွက် ပိုမိုတက်ကြွစွာ ဝိုင်းဝန်းတွန်းအားပေးရန် ပြည်တွင်းနိုင်ငံရေးအင်အားစုများက တောင်းဆိုထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိ ကြောင်း၊ NLD အစိုးရဟာ မဲမသမာမှုကိုမ ဖြေရှင်းပဲ လွှတ် တော်အတင်း ခေါ်ယူကာအစိုးရဖွဲ့စည်းရန်ကြိုးစားခြင်း ကြောင့် အ ကြောင်းပြကာ အာဏာသိမ်းခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ အာဏာသိမ်းစစ်ကော်မရှင်က ၂၀၂၅ နှစ်ကုန်မှာ NLD ပါတီမပါတဲ့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ခေါ်ယူကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို နိုင်ငံ‌တော်သမ္မတအဖြစ် တင်မြှောက်ထားပါတယ်။

Chin World