နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအား ချက်ချင်းလွှတ်ရန် NUG ကြေညာချက်ထုတ်

0
326
ပုံစာ - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်

အမျိုးသားညီညွှတ်ရေးအစိုးရ NUG က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပေါ် အာဏာသိမ်းစစ်ကောင်စီက ချမှတ်ထားသည့် ပြစ်ဒဏ်အသီးသီးမှ ချက်ချင်း ဖြေလွှတ်ပေးရန် ဩဂုတ်လ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသည့် ရာဇဝတ်မှုတချို့မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ဩဂုတ်လ ၁ ရက် နေ့စွဲဖြင့် ၎င်းတို့ လက်အောက်ခံမီဒီယာများမှ တဆင့် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း NUG က ထိုသို့ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NUG ၏ ကြေညာချက်တွင် ဥပဒေနှင့် မညီညွှတ်သော ပြစ်ဒဏ်များအား မတရားသဖြင့် ချမှတ်ခြင်း ခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်သည် မည်သည့်ပြစ်မှုမှ ကျုးလွန်ထားခြင်းမရှိဘဲ စစ်ကောင်စီ၏ တဖက်သတ်စွပ်စွဲ ဖမ်းဆီးခံလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က “စစ်ကောင်စီက မျက်နှာစာ အဘက်ဘက်မှာ ရှုံးနိမ့်နေတော့ နိုင်ငံ့ခေါင်းဆောင်တွေကို ထုတ်ပြီးတော့ နိုင်ငံရေးကစားချင်တဲ့ သဘောရှိတယ်။ နိုင်ငံတကာက ပေးတဲ့ဖိအားကိုလည်း လျော့ချင်တာကိုး။ ဒါပေမယ့် တဖက်မှာလည်း ကျနော်တို့က ကျနော်တို့ ခေါင်းဆောင်တွေဟာ နွေဦးတော်လှန်ရေးနဲ့ တသားတည်းရှိနေတာကို ယုံတဲ့အတွက် လွှတ်ပေးလည်း မရဲဘူးဆိုတဲ့ အနေအထားနဲ့ စစ်ကောင်စီက အကြပ်ရိုက်နေတာ ဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ စစ်ကောင်စီ၏ ဖမ်းဆီးအကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များသည်လည်း မူလကတည်းက ပျက်ပြယ်ပြီးဖြစ်၍ ချက်ချင်းလွှတ်ပေး ရမည်ဖြစ်သလို စစ်ကောင်စီ၏ ကြေညာချက်သည် ၎င်းတို့၏အကြမ်းဖက် လုပ်ရပ်များအား ဖုံးကွယ်လိုခြင်းနှင့် လူထုထင်ယောင်ထင်မှား ဖြစ်စေကြောင်း NUG ၏ ကြေညာချက်တွင် ပါရှိသည်။

ပုံစာ – NUG ကြေညာချက်

စစ်ကောင်စီသည် ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အား ပြစ်ဒဏ် တချို့မှ လွတ်ငြိမ်းခွင့်အပြင် ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များ၊ ဆက်စပ်သူများ အပါအဝင် နိုင်ငံရေး အကျဉ်းသား ခုနှစ်ထောင်ကျော်အား ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP က စစ်ကောင်စီသည် လွတ်ငြိမ်းခွင့်ပေးသည့် နိုင်ငံရေး အကျဉ်းသား ဦးရေ စာရင်းအတိအကျနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခဲ့သလို ဩဂုတ်လ ၂ ရက် နံနက်ပိုင်းအထိ လွတ်ငြိမ်းခွင့်ကြောင့် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော်သာ ရှိသေး၍ AAPP အနေဖြင့် ဆက်လက်အတည်ပြုနေကြောင်း ယနေ့ (ဩဂုတ်လ ၂ ရက်) တွင် ထုတ်ပြန်ပြောဆိုထားသည်။

AAPP က မှတ်တမ်းပြုစုကောက်ခံထားချက်အရ အာဏာသိမ်းယူပြီးနောက် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၂ သောင်း ၄ ထောင်ကျော် ရှိနေသော်လည်း စစ်ကောင်စီဘက်က အဆိုပါစာရင်းအား ငြင်းဆိုထားဆဲ ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here