ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။
ရေရှားပါးမှုနှင့် ကြုံနေရသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်များအတွက် ရေအလှူရှင် ရှိသော်လည်း ရေလုံလောက်မှု မရှိတာကြောင့် ခွဲတမ်းနှင့်သာ ရေပေးဝေနေရသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့တာဝန်ရှိသူများက ပြောသည်။
ကရင်နီလူမှုကူညီရေးအသင်း (Karenni Humanitarian Team-KHT) တာဝန်ရှိသူက “ရေလာပြီဆိုတာနဲ့ အလုအယက် ခပ်ကြတယ်ပေါ့နော်။ တစ်ယောက်ကို ရေပုံး ငါးဂါလံလား၊ ငါးဂါလံမဟုတ်ရင် သုံးဂါလံပဲ ခပ်ခွင့်ပေး တယ်။ သူတို့ဆိုရင် အနိမ့်ဆုံး တစ်လလောက်မှ ရေတစ်ခါချိုးရတယ်။ ရေအလှူရှင်ကတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ မလောက်ဘူးခင်ဗျ” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင် ၁ သိန်းကျော် ခိုလှုံနေပြီး နှစ်စဉ်နှစ်တိုင်း နွေရာသီ ရောက်လာသည်နှင့် အဆိုပါဒေသတွင် ရေရှားပါးမှုကို ကြုံနေကြရခြင်း ဖြစ်သည်။
သောက်သုံးရေအခက်အခဲ ဖြစ်နေကြသည့် စစ်ဘေးရှောင်များမှာ ကရင်နီပြည်ထဲရှိ မြို့နယ်၊ ကျေးရွာများမှ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းသို့ လာရောက်စစ်ရှောင် နေထိုင်ရသည်မှာ ၃ နှစ်နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းများ၌ ရေလုံလောက်မှု မရှိတာကြောင့် သန့်စင်ခန်း (အိမ်သာ) အတွက်ပင် ရေ မထည့်နိုင်ကြောင်း KHT တာဝန်ရှိသူက ဆက်ပြောသည်။
“အမှန်အတိုင်းပြောရရင် ပွင့်ပွင့်လင်းလင်းပြောရင် အိမ်သာတက်မယ်ဆိုလည်း ရေမရှိဘူး။ ဆိုရင် တောတိုးပြီး တုတ်နဲ့ပဲ သွားလိုက်တာပေါ့။ ကျနော်တို့တောင်မှ ကျနော်တို့လှူတဲ့ အလှူရှင်တွေတောင်မှ စစ်ရှောင်စခန်းတွေ သွားတဲ့အခါမှာ အိမ်သာတက်တဲ့အခါမှာ ရေမရှိဘူးဆိုရင် ဒီလိုပဲတောတိုးလိုက်တာပဲပေါ့” ၎င်းက ဆိုသည်။
စစ်ရှောင်အိမ်ထောင်စု ၇၀၀ ရှိနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ပန်ပက်ကျေးရွာတွင်လည်း ရေသယ်ယူပို့ဆောင်စရိတ် ကြီးလွန်းသောကြောင့် စစ်ရှောင်များအား ရေလိုသလောက် မပေးဝေနိုင်ဟု အကူအညီပေးနေသူများက ပြောသည်။
စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက “အဓိက ရေရှားပါးတဲ့ပြဿနာကို ပြောပါဆိုရင် ပီကင်းတို့ လအိတို့ လသိမ်တို့ အဲ့ကနေ ဆက်လာပြီဆိုရင် လိုပူပေါ့နော်။ လိုပူစစ်ရှောင်စခန်းဆိုရင် ၁ ကနေ ၆ အထိ ရှိတယ်ပေါ့နော်။ အဲ့တကြောလုံး ရေရှားပါးမှုပြဿနာကို ရေရေလည်လည် ကြုံရတယ်။ ရေကန်တွေကို ကြည့်လိုက် ကြည့်လိုက် ရေက လုံးဝမရှိဘူး” ဟု ပြောသည်။
ဟိုးယခင်ကတည်းက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် နှစ်စဉ် မိုးရာသီအတွင်း သိုလှောင်ထားသည့် မိုးရေကိုသာ တစ်နှစ်ပတ်လုံး ချွေတာသုံးစွဲနေရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါသည်။
စစ်အာဏာသိမ်းပြီးနောက် ဒေသခံများအပြင် ဒေသအသီးသီးက ရောက်ရှိလာသည့် စစ်ဘေးရှောင်များအတွက်ပါ ရေကို ဝေမျှသုံးစွဲနေရသောကြောင့် လုံလောက်မှုမရှိဘဲ ပိုမိုခက်ခဲလာရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း အနောက်ပဒေါင်ဒေသထဲက ကျေးရွာများတွင်လည်း ရေအခက်အခဲ ဖြစ်နေကြပြီး စစ်ရှောင်စခန်းများ၌ ရေလိုအပ်မှုက ကြီးကြီးမားမား ဖြစ်နေသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောပါသည်။
NMG ပေးပို့သည်။