ကရင်နီ (ကယား) ပြည်ရှိ ဒီးမော့ဆို-မော်ချီး-မယ်စဲ့ မြို့တို့ကို ဆက်သွယ်သွားလာနိုင်မည့် ယာဥ်လိုင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင် ပြေးဆွဲနေပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ကောင်စီ( IEC )က ပြောသည်။
“ပို့ဆောင်ရေး ဌာနစိပ်ကနေတော့ ခုယာဉ်လိုင်းပြေးဆွဲပေးမှုတွေ စနေတာပေါ့။ ပြီးရင် ဌာနခွဲအလိုက် စုပေါင်းပြီး လုပ်ငန်းဗျူဟာတွေ ချမှတ်ရေးဆွဲနေဆဲပါ။ ပြီးရင်တော့ ကရင်နီပြည်အတွက် လုပ်နိုင်တာတွေ တဆင့်ခြင်း ဆက်လုပ်ဖို့ လုပ်နေပါတယ်” လို့ IEC ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနမှ ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက ပြောဆိုသည်။
ထိုခရီးစဉ်ယာဉ်လိုင်းကို ကရင်နီပြည်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (IEC) ၏ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၊ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ပြေးဆွဲနေခြင်း ဖြစ်သည်။
ခရီးစဥ်ကို တစ်ပတ်လျှင် ၄ ရက် ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ဦးလျှင် ကားခ ၃ သိန်း သတ်မှတ်ထားကြောင်းနှင့် ရရှိလာမည့် အမြတ်ငွေများကို IEC ဘဏ္ဍာငွေထဲကနေ လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါသည်။
ခရီးသည်များ လုံခြုံရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားမှု အခြေအနေအပေါ် သယ်ယူပို့ဆောင်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူးသံချောင်းက အခုလို ပြောပြသည်။
“ကျနော်တို့ လမ်းလုံခြုံရေးကတော့ ဒီယာဥ်မောင်းတွေနဲ့တော့ သူ့လုံခြုံမှုတော့ရှိမယ်။ ကောင်းကင်ဘုံက ကြဲချလာတဲ့ဟာတွေကတော့ ကျနော်တို့ မတတ်နိုင်ဘူးပေါ့နော။ တွေ့တယ်၊ သိတယ်၊ မြင်တယ်၊ ကြားတယ် ဆိုတာလောက်နဲ့ ရှောင်မယ်၊ ပုန်းမယ် ဒီလောက်ပဲ ရှိတယ်ပေါ့နော။ ၁၀၀ ရာခိုင်နှုန်းလောက်တော့ လုံခြုံမှု မပေးနိုင်ဘူးပေါ့နော။ အတတ်နိုင်ဆုံးတော့ အန္တရာယ်ကင်းမယ့်လမ်းတွေ မောင်းပေးမယ်။ အန္တာရယ်ကင်းမယ့် နေရာတွေကို နားပေးမယ်။ အဲ့လောက်ပါပဲ” လို့ ညွှန်ကြားရေးမှူးသံချောင်းက ပြောသည်။
IEC ကောင်စီတွင် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖွဲ့စည်းခဲ့ပြီး ဌာနမှူးကြီးနှင့် ဒုတိယဌာနမှူးကြီး ၄ ဦးကို ခန့်အပ်ထားကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြေညာထုတ်ပြန်ထားသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည််။