ဒီမိုကရေစီလိုလားသော အင်အားစုများ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းရန် Fortify Rights တိုက်တွန်း

By MPM 16 ဇူလိုင်, 2026 👁 66

မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများအနေဖြင့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်သည့် Fortify Rights က ဇူလိုင်လ ၁၅ ရက်တွင် အကြံပြုတိုက်တွန်းလိုက်သည်။

ယင်းစစ်ဆေးရေးအဖွဲ့သည် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် စစ်အုပ်စု အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများ ချိုးဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ယင်းသို့ ဖွဲ့စည်းထူထောင်ရာတွင် Fortify Rights အနေဖြင့် ကူညီပံ့ပိုးပေးရန်အဆင်သင့်ရှိကြောင်း ဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ဖိတ်ကြားချက်အရ Fortify Rights အဖွဲ့သည် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တို့အတွက် လူ့အခွင့်အရေးနှင့် စစ်ပွဲဆိုင်ရာဥပဒေများအပေါ် အခြေခံသည့် သင်တန်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ မတ်လတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းသင်တန်းများအပြီးတွင် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့တရပ် ဖွဲ့စည်းရန် Fortify Rights က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Fortify Rights ၏ အကြီးတန်းဒါရိုက်တာ Peter Bouckaert က “ကရင်နီပြည်နယ်က သင်တန်းတက်ရောက်သူတွေအကြားမှာ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေစံနှုန်းတွေကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးလိုတဲ့ ပြင်းပြတဲ့ ခံယူချက်တွေရှိတာကို တွေ့ခဲ့ရပါတယ်။ ကရင်နီဒေသအပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးအဖွဲ့အစည်းအားလုံးအနေနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေအောက်မှာ စစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းရမယ့်အချိန်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့များသည် စစ်ဘက်ဆိုင်ရာ အမိန့်ပေးကွပ်ကဲမှုစနစ်များအောက်တွင် မရှိစေဘဲ သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်သင့်ပြီး၊ မည်သည့် ရာထူးအဆင့်အတန်းရှိသူ စွပ်စွဲခံရပါစေ ဘက်လိုက်မှုမရှိဘဲ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ရှိရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IEC ၏ ဒုတိယဥက္ကဋ္ဌနှင့် KNDF ၏ ဥက္ကဋ္ဌ ခွန်းဘီထူးက “ကျွန်တော်တို့ရဲ့ တော်လှန်ရေးတိုက်ပွဲရဲ့ အဓိက အနှစ်သာရဟာ တိုင်းရင်းသားလူမျိုးအားလုံး မိမိတို့ရဲ့အခွင့်အရေးတွေကို လေးစားလိုက်နာမှုခံရပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်သွားနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တရပ် ပေါ်ထွန်းလာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ စစ်ပွဲဆိုင်ရာဥပဒေတွေကို လေးစားလိုက်နာနိုင်မယ့် စွမ်းဆောင်ရည်တွေ ပိုမိုမြင့်မားလာစေဖို့အပြင် မြန်မာစစ်အုပ်စုက ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး မှတ်တမ်းတင်နိုင်ဖို့ Fortify Rights နဲ့ ပူးပေါင်းဆောင်ရွက်ရတာကို ကြိုဆိုပါတယ်” ဟု ပြောသည်။

မြန်မာစစ်အုပ်စု၏ အာဏာသိမ်းမှုနောက်ပိုင်း လူဦးရေ ခန့်မှန်းခြေ ၂၅၀,၀၀၀ ခန့် စစ်ဘေးရှောင်ခဲ့ရသည့် ကရင်နီပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည် အများဆုံး နေရပ်စွန့်ခွာရသည့် ဒေသတခု ဖြစ်လာခဲ့သည်။

မဇ္ဈိမ