ဒရုန်းနှင့် စစ်ဝတ်စုံဝယ်ယူရန်အတွက် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ပြည်သူများထံမှ ဆက်ကြေး အဓမ္မ ကောက်ခံနေသည်ဟု ပအိုဝ်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ် (PNA) မှ ဒရုန်းနှင့် စစ်ဝတ်စုံဝယ်ယူမည်ဟုဆိုကာ အဓမ္မဆက်ကြေး ကောက်ခံခဲ့သည်ဟု ပအိုဝ်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။
နောင်ကားဒေသခံ ပအိုဝ်းလူမျိုး တက်ကြွလှုပ်ရှားသူတစ်ဦးက “ပိုက်ဆံကတော့ ၂ ပတ်လောက်အတွင်း ထည့်ရမယ်။ အရင်တခါ လာကောက်သွားတဲ့ ၁ သိန်းတောင် ပိုက်ဆံချေးပြီး ထည့်ရတာ။ အဲ့ဒါတောင် အကြွေးက မကျေသေးဘူး။ ဒီတခါလည်း ဘယ်ကပိုက်ဆံရှာပြီး ထည့်ရမလဲ မသိသေးဘူး” ဟု ပြောသည်။
နောင်ကားကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာခန့်တွင် မတ်လ ၁ ရက်နေ့ နှင့် ၂ ရက်နေ့ အတွင်း ပြုလုပ်ခဲ့သော ကျေးရွာအစည်းအဝေး၌ တစ်အိမ်လျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ကောက်ခံရန် PNA မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်ဟု အဆိုပါ ပအိုဝ်းလူမျိုး တက်ကြွလှုပ်ရှားသူက ပြောပါသည်။
ကျေးရွာအစည်းအဝေးတွင် PNA မှ ငွေကြေးထည့်ဝင်နိုင်ခြင်း မရှိသည့် နေအိမ်များအား တပ်သားသစ် ခေါ်ယူခြင်း၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်သွားဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
လတ်တလောတွင် ငွေကြေး မပြေလည်သည့် နောင်ကားဒေသခံအများစုမှာ ဆက်ကြေး ထည့်ဝင်နိုင်ရန်အတွက် ချေးငှားနေရပြီး တချို့မှာ မပေးနိုင်သေးကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု ၎င်းတို့နှင့် နီးစပ်သူ ဒေသခံများက ပြောသည်။
နောင်ကားဒေသခံ အမျိုးသားတစ်ဦးက “ ဒီကာလက စစ်ပွဲတွေနဲ့ဆိုတော့ သီးနှံတွေက အရှုံးပေါ်တော့ ဘယ်လိုမှ ထည့်လို့ အဆင်မပြေဘူး။ ကိုယ့်ဟာကိုယ်တောင် စစ်ရှောင်ဖို့ ပိုက်ဆံမရှိသေးဘူး။ ထည့်ဆိုတော့လည်း ရှာရမှာပေါ့” ဟု ပြောသည်။
နောင်ကားကျေးရွာအုပ်စုတွင် ဇန်နဝါရီလ နောက်ဆုံးပတ်ခန့်ကလည်း တစ်အိမ်လျှင် ၇၀,၀၀၀ ကျပ် နှုန်းဖြင့် PNA အဖွဲ့ မှ ရိက္ခာကြေးကောက်ယူခဲ့ဖူးပြီး ယခုကောက်ခံခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် PNA အဖွဲ့မှ ဟိုပုံးမြို့နယ်ရှိ ကျေးရွာများတွင်လည်း စစ်အသုံးစရိတ်အဖြစ် တစ်အိမ်လျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ၂ ကြိမ်တိတိ ကောက်ခံခဲ့သည့်အပြင် တပ်သားသစ်လည်း အဓမ္မစုဆောင်းခဲ့သေးသည်ဟု ဒေသခံများက ပြောဆိုသည်။
NMG ပေးပို့သည်။