ထောင်အာဏာပိုင်များက အကျဉ်းသားမိသားစုများထံမှ ငွေကြေးလိမ်လည်တောင်းခံနေဟု PPNM ပြောဆို

By MPM 10 ဖေ‌ဖော်ဝါရီ, 2025 👁 8

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အများစုတွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနဝန်ထမ်းနှင့် ထောင်အာဏာပိုင်များက အကျဉ်းသားမိသားစုများထံက ငွေကြေးလိမ်လည် တောင်းခံလျက်ရှိသည်ဟု ထောင်ဝင်စာလစဉ်တွေ့နေသူများက ပြောသည်။

မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းရှိ အကျဉ်းထောင်များတွင် ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအတွင်း ငွေကြေးလိမ်လည်တောင်ခံမှုများ ကြုံတွေ့နေရပြီး ခံရသူအများစုမှာ နိုင်ကျဉ်းမိသားစုများဖြစ်ကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုသည်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့ အခုထုတ်ပြန်လိုက်တဲ့စာရင်းက အဆိုးဆုံးထောင်တွေကို ထုတ်ပြန်တာဖြစ်ပါတယ်။ ထောင်တိုင်းနီးပါးမှာတော့ ဖြစ်နေတယ်။ ကျနော်တို့ သက်သေအချက်အလက်မရဘဲနဲ့ ပြောတာထက် သက်သေအချက်အလက်ကိုင်ထားနိုင်တဲ့ ထောင်တွေကို ထုတ်ပြတယ်။ အဲဒီထဲမှာမှ ဆိုးဆိုးဝါးဝါးလုပ်နေတဲ့ ဝန်ထမ်းတွေရဲ့စာရင်းကို ထုတ်ပြန်တာဖြစ်ပါတယ်” ဟု ပြောသည်။

ဒိုက်ဦးထောင်တွင် အိပ်ဆောင် ၄ မှ အဆောင်မှူးက နိုင်ကျဉ်းများ ဆေးရုံတက်နေရသည်ဟုဆိုကာ ၎င်းတို့မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံလျက်ရှိပြီး အဆိုပါကိစ္စအား ပေါက်ကြားပါကလည်း အမှုထပ်မံတွဲခံရမည်ဆိုသည့်အကြောင်း ခြိမ်းခြောက်ထားသည်ဟု PPNM က ဆိုသည်။

အလားတူ အိုးဘိုထောင်တွင်လည်း အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက နိုင်ကျဉ်းများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကြောင့် ဓါတ်ဆားဖိုးအတွက် ငွေကြေးကောက်ခံလျက်ရှိပြီး ညောင်ဦးထောင်နှင့် မြိတ်ထောင်တွင်လည်း နိုင်ကျဉ်းများမှ ပစ္စည်းမှာခိုင်းသည်ဟုဆိုကာ မိသားစုဝင်များထံ ငွေကြေးကောက်ခံလျက်ရှိသည်ဟု ထောင်တွင်းအရင်းအမြစ်များက ပြောသည်။

ထို့အပြင် ပခုက္ကူထောင်၌လည်း ဝန်ထမ်းတစ်ဦးက ဆရာသော် အမည်ဝှက်ဖြင့် အကျဉ်းသားများထံ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးလိမ်လည် ကောက်ခံလျက်ရှိသည်ဟု ပြောဆိုကြသည်။

“ထောင်မှာက သတင်းထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ ထောင်မှာ ဖြစ်ရိုးဖြစ်စဉ်ကတော့ ဖြစ်နေမှာပဲ။ ဒါပေမယ့် ရပ်တန့်ကောင်းပါရဲ့ ခံစားချက်တွေ ယူဆချက်တွေနဲ့ပဲ ဆက်လုပ်နေကြတာပေါ့နော်။ အထဲက ရဲဘော်တွေက ဒီလိုပဲတင်းခံနေကြတယ်ဆိုတော့လေ။ ဘာမှ မလုပ်တာထက်စာရင် လုပ်တာက သူတို့အတွက် လျော့ကျသွားနိုင်မယ်ဆိုတဲ့ ယူဆချက်တခုနဲ့ပဲ သတင်းထုတ်ပြန်နေတာမျိုးတွေ ဆက်လုပ်နေတာဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

လက်ရှိကြုံတွေ့နေရသည့် ထောင်တွင်း ငွေကြေးလိမ်လည်မှုများတွင် ၅ သောင်းကျပ်မှ သိန်းရာကျော်အထိပါဝင်ပြီး အဆိုပါလုပ်ရပ်များအား ရပ်တန့်ကြရန် PPNM က သတိပေးထုတ်ပြန်ထားသည်။

သို့ဖြစ်၍ PPNM အနေဖြင့်လည်း ထောင်တွင်းအခြေအနေများအား စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်ရှိသော် ဓါတ်ပုံနှင့်တကွ ထုတ်ပြန်၍ လူမှုရေးပြစ်ဒဏ်ပါ ပေးသွားမည်ဟု ပြောဆိုထားသည်။

NMG ပေးပို့သည်။