ထီးလင်းမြို့တွင် PDF ရဲဘော် ၄ ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ

0
360
Photo - Social Media

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ်သားများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ကျားခဲရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ကျားခဲရွာအဝင် မြောက်ဘက်ဂိတ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “သိပ်မကြာသေးခင်ကပဲ စကစဘက်က ပျူစောထီးတစ်ဦးက သေနတ်တွေနဲ့ အဲဒီဘက်လမ်းကနေ ပြေးလာပြီး ကာကွယ်ရေးအဖွဲ့တွေဆီ ခိုလှုံသွားတာရှိတယ်။ အဲဒါကြောင့် အငြိုးထားပြီး ဒီလိုလုပ်တာပါ” ဟု ပြောသည်။

အင်အား ၈၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ကျားခဲရွာမှ ပကဖ ၄ ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ဒေသခံတစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်သတ်သွားကာ ၃ ဦးကို ထီးလင်းမြို့၊ ရွှေထီးခန်းမဆီ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ထို့အပြင် ကျေးရွာအတွင်း စစ်ကြောင်းဝင်ရောက်စဉ် လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာရသူများရှိနေကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ဂန့်ဂေါခရိုင်ရှိ ထီးလင်း၊ ကျောက်ထုတဝိုက် ငါးမိုင်ပတ်လည်တွင် နယ်မြေစိုးမိုးရေး လုပ်ဆောင်ကြရန် အမိန့်ပေးထားကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်၌ စစ်ကောင်စီစစ်ကြောင်းသည် ထီးလင်းမြို့၊ ရွှေထီးခန်းမကို ပြန်လည်ဝင်ရောက်သွားပြီဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်တွင် ထီးလင်းမြို့နယ်မှ ပျူစောထီးတစ်ဦးသည် သေနတ် ၃ လက်ယူဆောင်ပြီး ဂန့်ဂေါခရိုင်တပ်ရင်း ၁၁ ထံ ခိုလှုံခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here