မကွေးတိုင်း ထီးလင်းနယ်က စစ်ဘေးရှောင်တွေအတွက် ဆေးဝါးပစ္စည်း၊ ကလေးအသုံးဆောင်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောင်းတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ (၆) ရွာက ပြည်သူတွေအတွက် လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ အမြဲတမ်းစစ်ဘေးရှောင်တွေပေါ့။ လွန်ခဲ့တဲ့ ရှစ်လလောက်ကစပြီး စစ်ဘေးရှောင်နေရတာပါ။ ဆေးဝါး၊အမိုးအကာနဲ့ စားနပ်ရိက္ခာ လူသုံးကုန်ပစ္စည်းတွေ လိုအပ်နေပါတယ်။ ယောအလင်းတန်း လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်လည်း လှူဒါန်းနိုင်ပါတယ်” လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ကျေးရွာတွေမှာ စာသင်ပေးနေတဲ့ ဆရာ/ဆရာမ (၃၅) ဦးရှိပြီး ကျောင်းသား (၂၀၀) ကျော်အတွက် ကျောင်းဆောက်လုပ်ဖို့ အမိုးအကာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ကျောင်းသုံးပစ္စည်းတွေ၊ အဝတ်အစား၊ ဆိုလာ၊ ဘက်ထရီအိုးနဲ့ သောက်ရေသန့် ပြုလုပ်ဖို့ ပစ္စည်းတွေလိုအပ်နေတယ်လို့ သူက ပြောပါသေးတယ်။
စစ်ဘေးရှောင်တွေဟာ ထန်းပင်ကုန်းရွာ၊ ပုဏ္ဏားကျေးရွာ၊ ထလင်းကျေးရွာ၊ ဝါးရင်းချိုင်ကျေးရွာ၊ အနောက်ဘက်ကျေးရွာက လူဦးရေ (၁၅၀၀) ဝန်းကျင်ဟာ လွန်ခဲ့တဲ့ (၈)လလောက်ထဲက စစ်ဘေးရှောင်နေရတာဖြစ်ပြီး အောင်းကျေးရွာက လူဦးရေ (၅၈၀) ကတော့ လွန်ခဲ့တဲ့ (၁) နှစ် (၇) လလောက်ထဲက စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။
ထီးလင်းမြို့နယ်က စစ်ဘေးရှောင် (၂၀၀၀) ကျော်ဟာ စစ်ကောင်စီ စစ်ကြောင်းထိုးနေတာကြောင့် အမြဲတမ်း စစ်ဘေးရှောင်နေရတာဖြစ်ပြီး ကျောက်ထု၊ ဂန့်ဂေါနယ်တွေဘက်က စစ်ကောင်စီ စစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေဟာလည်း ယာယီ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
လွတ်လပ်သော သုတေသနအဖွဲ့တခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေဟာ စစ်ဘေးရှောင်အများဆုံးဖြစ်တယ်လို့ ဆိုထား ပါတယ်။
မြန်မာနိုင်ငံက ကလေး (၃) သန်းကျော်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေမရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef Myanmar) ပြောထားပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။