ထိုင်း – မြန်မာနယ်စပ်အနီး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ပူလူတူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က အပြီးသတ်သိမ်းဆည်းရမိခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦး သေဆုံးပြီး ၁၁ ဦးမှာ လက်နက်နှင့်အတူ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု KNLA သတင်းအရင်းအမြစ်က ပြောဆိုသည်။
ပူလူတူစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းကစ၍ တစ်လနီးပါးကြာ တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ပြီး KNLA ပူးပေါင်းတပ်က စစ်ကောင်စီ၏ အဆိုပါတပ်စခန်းကို မတ်လ ၁၄ ရက်နေ့ နံနက်စောပိုင်း ၁၂ နာရီ ၁၇ မိနစ် အချိန်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
KNLA တပ်ရင်း ၂၂ နယ်မြေရှိ ထိုပူလူတူ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်က အပြီးသတ်တိုက်ခိုက်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ခွဲမှူး ၁ ဦးအပါ ၂ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို ကျန် ၁၁ ဦးသည် သောင်ရင်းမြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု KNLA တပ်ရင်း ၂၂ ၏ တပ်ရင်းမှူး စောပလဲက အတည်ပြုပြောဆိုသည်။
“စစ်တပ်က ၂ ယောက်သေတယ်။ သေတဲ့အထဲမှာ တပ်ခွဲမှူး တစ်ယောက်ပါတယ်။ အဲဒီမှာ တာဝန်အရှိဆုံးက အဲဒီတပ်ခွဲမှူး ကျော်ဖြိုးထိုက်ပဲ။ ထိုင်းဘက်ခြမ်းကိုပြေးလို့ ကမ်းနံဘေးမှာ လိုက်ပစ်တာ ၄ ယောက် အရှင် ထပ်မိတယ်။ နောက် ၁၁ ယောက်ကြတော့ လက်နက် ၂ လက်နဲ့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတယ်” ဟု တပ်ရင်းမှူးစောပလဲက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၂၃ ဦးရှိသည့် ပူလူတူစခန်းအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ရသည့် ကာလအတွင်း KNLA ဘက်က စနိုက်ပါဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ၁၇ ဦးသာ အင်အားကျန်ရှိတော့ခြင်းလည်းဖြစ်သည်ဟု ၎င်းက ဆက်ပြောပြသည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီဘက်ကနေ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ပေးသော်လည်း စခန်းသိမ်းချိန်၌ လေကြောင်းပစ်ကူမရှိသောကြောင့် မြန်မြန်ဆန်ဆန် အပြီးသတ်နိုင်ခဲ့၍ စခန်းရှိ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု တပ်ရင်း ၂၂ တပ်ရင်းမှူးက ဖြည့်စွက်ပြောသည်။
အလားတူ ထိုင်းနိုင်ငံဘက်ခြမ်းမှတွေ့မြင်ရသည့် ပူလူတူစခန်းကုန်း မီးလောင်နေပုံများနှင့်တကွ စခန်းရှိ စစ်ကောင်စီတပ်သားများ သောင်ရင်းမြစ်ကို ဖြတ်ကူးထွက်ပြေးလာကြောင်းကိုလည်း ထိုင်းမီဒီယာတချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
KIC ပေးပို့သည်။