ထိုင်း – ကရင်နီနယ်စပ်ကဒုက္ခသည်များ တတိယနိုင်ငံခိုလှုံနိုင်ခွင့်အတွက် စိုးရိမ်မှုရှိနေကြ

0
73
Photo - CJ

ထိုင်း – မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ တတိယနိုင်ငံခိုလှုံခွင့်သည် ၄၇ ကြိမ်မြောက် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ပလီကန်ပါတီကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က အနိုင်ရရှိခဲ့တာကြောင့် ပယ်ချခံရနိုင်ချေရှိသည်ဟု လူ့အခွင့်အရေးကျွမ်းကျင်သူတို့ ပြောဆိုချက်ကိုကိုးကားပြီး ထိုင်းမီဒီယာ The Nation ပြောဆိုသည်။

ထိုသို့ ဒေါ်နယ်ထရမ့်အစိုးရသစ်အဖွဲ့၏ မူဝါဒအပြောင်းအလဲကြောင့် ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်အရ တတိယနိုင်ငံ ခိုလှုံခွင့်လျှောက်ထားကြသော ထိုင်း-ကရင်နီနယ်စပ်က ဒုက္ခသည်များကြား စိုးရိမ်မှုတို့ရှိနေကြကြောင်း သိရသည်။

ထိုင်း – မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများကို ပိတ်သိမ်းနိုင်ရန်အတွက် အဆိုပါစခန်းများရှိ ဒုက္ခသည် ၆၀,၀၀၀ ခန့်ကို တတိယနိုင်ငံ ခိုလှုံခွင့်ပေးမည့်အစီအစဥ်ကို ထိုင်းအစိုးရနှင့် ဒီမိုကရက်ပါတီဦးဆောင်သော အမေရိကန်အစိုးရက သဘောတူထားခဲ့သည်ဟုလည်း The Nation သတင်းက ဆက်ပြောဆိုထားသည်။

အမေရိကန်အစိုးရ အပြောင်းအလဲကြောင့် ဒုက္ခသည်ပြန်လည်ချထားရေးမူဝါဒ ပြောင်းလဲမည်ဆိုပါက တခြားသော နိုင်ငံတခုကို ကူးပြောင်းခိုလှုံလိုသည်ဟု ထိုင်း – မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် ဆယ်စုနှစ် တစ်ခုကြာနေထိုင်လာခဲ့သည့် ကရင်နီဒေသခံ ဦးအောင်နိုင်ဝင်းက ယခုလိုပြောသည်။

“ဒီဒုက္ခသည်ရဲ့အနေအထားက ထိုင်းမှာနေတော့လည်း လွတ်လပ်မှုလည်း မရှိဘူး။ နောက်ပြီးတော့ ထိုင်းရဲ့ နိုင်ငံရေးအခြေနေ သဘောထားကိုလည်း ကျနော်တို့မသိဘူး။ မသိတဲ့ခါကြတော့ ဒီမှာပေး ဒီမှာကျွေးတဲ့ဟာပဲ ကျနော်တို့စားနေရတော့ ကျနော်တို့အခက်အခဲတွေ အများကြီးတွေ့ရတယ်ပေါ့” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်က ဒုက္ခသည်ခေါ်ယူမည့်စာရင်းကို ထိုင်း-ကရင်နယ်စပ်က ဒုက္ခသည်စခန်းများကနေ စတင်သဘောထားကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ကရင်နီဒုက္ခသည်စခန်းကိုလည်း ရောက်ရှိလာချိန်ကို စောင့်မျှော်နေစဉ် အမေရိကန်သမ္မတ အပြောင်းအလဲကြောင့် အစီအစဥ်လည်း ပြောင်းလဲလာနိုင်သည်ဟု ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) စခန်း ကော်မတီဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့တော့ အမြဲတမ်းအတိုက်အခံလုပ်တယ်။ တစ်နှစ်မှာ ဘယ်နှစ်ဦးလောက်သွားခွင့်ရှိတယ်ဆိုတာ စခန်း ၉ ခုစလုံး ညီညီမျှမျှ ပြန်ခွဲပေးပါ အမြဲတမ်းပြောတယ်။ အဲ့ဒါလည်း ကျနော်တို့ဆီကို ပြန်ရောက်လာတာ မရှိသေးဘူး။ မရှိတဲ့အပြင် အခုက တက်လာမယ့်ခေါင်းဆောင်က ဒါကြီးကို မဖြစ်တော့ဘူးလို့ ပြောသံကြားတယ်ပေါ့” ဟု ၎င်းကပြောသည်။

ထိုင်း – မြန်မာ နယ်စပ်တလျှောက်၌ ကရင်ပြည်နယ်စပ်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နှင့် ကရင်နီပြည်နယ်စပ်တွင် ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)၊ (၂) အပါအဝင် ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းနီးပါး ခိုလှုံလျက်ရှိကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here