
ထိုင်း – ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု KNPP က ပြောသည်။
ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁ နာရီကျော်ခန့်က ထိုင်း – ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းထဲကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲခဲ့သည့်အတွက် လူထိခိုက် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။
“မနက် ၁ နာရီ ၁ နာရီကျော်လောက်မှာ ဗုံးကြဲတယ်။ ၄ ကြိမ် ဗုံးကြဲတယ်။ အဲဒါ ကျနော်တို့ စာသင်ကျောင်းရယ်၊ ဆေးခန်း ၁ လုံး ရယ်၊ ဘုရားကျောင်း ၁ လုံးရယ်၊ နောက် လူနေအိမ်တချို့ရယ် ပျက်စီးသွားတာပေါ့။ ဒါ့အပြင်ကို ကျနော်တို့လူတစ်ဦးပေါ့နော် စစ်ရှောင်တစ်ဦး ဆုံးသွားတယ်။ နောက်ပြီးမှ အရပ်သား ၂ ဦး ဒဏ်ရာ ရသွားတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် လူဦးရေ ၅ ထောင် ကျော် ရှိပြီး လက်ရှိတွင် စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဖားဆောင်းမြို့နယ်ထဲက နေရာတစ်ခုကိုလည်း စစ်ကောင်စီတပ်က ဇူလိုင် ၁၂ ရက်နေ့ ညက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသလို အဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
“မနေ့ညက ၁၂ နာရီလောက်မှာပေါ့ အဲဒါ သောဆူးမှာ လေယာဉ် ၃ စီးနဲ့ လာကြဲတာ။ လာကြဲတော့ အဲ့မှာလည်း ဘုရားကျောင်း တစ်လုံးနဲ့ နေအိမ် ၉ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်။ နောက်ပြီး ၁၁ နှစ် အရွယ် ယောက်ကျားလေး တစ်ဦးပေါ့နော် သေသွားတယ်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ထိုင်း-ကရင်နီ နယ်စပ်တကြောတွင် လေယာဉ်ပျံဝဲမှုများကို နေ့တိုင်း လုပ်ဆောင်နေသည့် အပြင် ဒေသခံလူထုများ နေထိုင်သည့် နေရာများကိုလည်း ဦးတည်ကာ ဗုံးကြဲ တိုက်ခိုက်မှုများကို လုပ်ဆောင်လာခဲ့သည်ဟု KNPP က ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအနေဖြင့် လူထုကို ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို အပြစ်ပေး အရေးယူနိုင်အောင် သက်ဆိုင်ရာ အင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
“မနေ့က ဖြစ်ရပ်တွေပဲ ကြည့်လို့ရှိရင် ဘုရားကျောင်းတွေ စာသင်ကျောင်းတွေကိုပဲ တည့်တည့်ချတာတွေပေါ့နော်။ ဖြစ်ရပ်တွေထဲမှာ အဲ့ဒါတွေက တအားသိသာတယ်ပေါ့။ အရပ်သားကို ပစ်မှတ်လုပ်ပြီးမှ ပစ်ခတ်တိုက်ခိုက်တာ ဆိုတာလေ၊ အခုနပြောသလို ကျနော်တို့ ဒီအရပ်သားတွေကို ပစ်မှတ်လုပ်ပြီးမှ တိုက်တာကတော့ ကျနော်တို့ လူသားမျိုးနွယ်မှု ဆိုင်ရာ ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာကို နိုင်ငံတကာက သိရဲ့သားနဲ့ ကျနော်တို့ ဒီမြန်မာအစိုးရကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် မရအောင် အရေးယူ ဆောင်ရွက်ဖို့ ကျနော်တို့ ဝိုင်းဝန်းပြီးမှ လုပ်ဆောင်သင့်တယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခများ ဖြစ်နေသည့် နေရာတိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။
ထိုသို့လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လုပ်ဆောင်နေသည့်အတွက် စစ်ရေး ပဋိပက္ခကြားရှိ ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိမှန်သေဆုံး ခဲ့ရသလို တချို့မှာ နေရာဒေသကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထိုအခြေအနေများကြောင့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်အရေး လှုပ်ရှားသူများက ပြည်သူများကို ထိမှန်သေဆုံးနေသည့် လေကြောင်းရန်ကို ကာကွယ်နိုင်ရန်အတွက် လေယာဉ်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မည့် စနစ်မျိုးကို နိုင်ငံတကာအနေဖြင့် ကူညီလုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။
ထိုသို့ တောင်းဆိုထားကြသော်လည်း ယနေ့အချိန်အထိ တစုံတရာ ပြောင်းလဲလာမှု မရှိသေးဘဲ စစ်ရေးပဋိပက္ခ အတွင်းရှိ ပြည်သူများမှာ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးနေရဆဲ ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများ၊ လူအခွင့်အရေး လှုပ်ရှားနေသူများနှင့် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောဆိုသည်။
NMG ပေးပို့သည်။