23 ဧပြီ 2025 /

See today's Peace Related News

သတင်းထားဝယ်၊ မေတ္တာမြို့တွင် ဥယျာဉ်ခြံသွားသည့်အမျိုးသမီး မိုင်းနင်းမိပြီး ခြေတစ်ဘက်ပြတ်

ထားဝယ်၊ မေတ္တာမြို့တွင် ဥယျာဉ်ခြံသွားသည့်အမျိုးသမီး မိုင်းနင်းမိပြီး ခြေတစ်ဘက်ပြတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့တွင် ဥယျာဥ်ခြံထဲသို့သွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဘက် ပြတ်တောက်သွားခဲ့သည်ဟု မြို့ခံများကပြောသည်။

ထားဝယ် – ထီးခီးလမ်းမပေါ်ရှိ မေတ္တာမြို့အထွက်တံတားအနီးတွင် အသက် ၆၀ အရွယ် ကရင်တိုင်းရင်းသူ နော်ဂျူးနီးထာဆိုသူသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

ခြံရှင်းရန်သွားလာသည့်အချိန် စစ်တပ်ဗျူဟာကုန်း တောင်ခြေအနီးတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး မိုင်းထိသည့် နေရာအနီးဝန်းကျင်တွင် မိုင်းများက ဗလပွဖြစ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ယခု မြေမြုပ်မိုင်းနင်းမိသည့်နေရာ၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည့် နေရာတစ်ခုလည်းဖြစ်သည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ အခြေစိုက်ထားသည့် မေတ္တာမြို့ ဗျူဟာကုန်းအနီးတဝိုက်တွင် မိုင်းများထောင်ထားခဲ့ပြီး ဥယျာဉ်ခြံသွားသည့် အမျိုးသမီးနင်းမိခဲ့သည့်မိုင်းလည်း အပါအဝင်ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မေတ္တာမြို့တွင် ၂၀၂၄ နှစ်ကုန်ပိုင်းမှစပြီး မြို့အတွင်းပြန်လာနေထိုင်ကြရန် စစ်ကောင်စီ၏ ဗျူဟာကုန်းက ခေါ်ယူနေပြီး လက်ရှိတွင် လူအနည်းစုသာ မြို့ထဲ၌ ပြန်လည်နေထိုင်ကြောင်း သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “သူတို့က လူတွေပြန်လာနေဖို့ပြောတယ်၊ မိုင်းတွေကိုလည်း ပြန်ဖေါ်မပေးထားဘူး၊ ပြန်နေရင်လည်း သွားလာဖို့ကလိုသေးတယ်၊ အန္တရာယ်များတယ် သွားမနေရဲသေးဘူး” ဟု ပြောသည်။

မိုင်းများရှိခြင်းနေသောကြောင့် ဥယျာဥ်ခြံများဘက်ကို မသွားလာကြရန် စစ်ကောင်စီဘက်က သတိပေးမှုများရှိသည်ဟု ရွာသားများက ပြောသည်။

အလားတူ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ဝကုန်းကျေးရွာမှ ဥယျာဥ်ခြံသွားသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်ခဲ့သေးသည်။

ဝကုန်းကျေးရွာတွင် နင်းမိခဲ့သည့်မိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ထောင်ထားသည့်မိုင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ် အခြေစိုက်သည့်စခန်းများနှင့် ဂိတ်များအနီးရှိ နေရာများတွင် မြေမြုပ်မိုင်းအများအပြား ထောင်ထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုထားသည်။

NMG ပေးပို့သည်။