ထားဝယ်၊ ကျောက်မဲတောင်ရဲစခန်းကို PDF ဝင်ရောက်တိုက်ခိုက်

By MPM 24 နိုဝင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ကျောက်မဲတောင်ရဲစခန်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ထားဝယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ အဆိုပါရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခြင်းဖြစ်ပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြေပြင်အခြေအနေအသေးစိတ်ကို ပြောမရနိုင်သေးကြောင်း ထားဝယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ကျောက်မဲတောင်ရဲစခန်းမှ လက်နက်ကြီးနှင့် ရမ်းသမ်းပြန်ပစ်ခတ်သဖြင့် တောင်သုံး လုံးကျေးရွာမှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

နှစ်ဘက်တိုက်ပွဲများကြောင့် ကျောက်မဲတောင်ကျေးရွာ၊ ဟိန္ဒားကျေးရွာနှင့် တောင်သုံးလုံးကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း အဆိုပါဒေသခံများထံမှ သိရှိရသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းသော တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်၏ မြေပြင်ထိုးစစ်၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၅၀ နီးပါး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း/ AAPP က ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။