ထားဝယ်မြို့ပေါက်တိုင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

By MPM 2 ဒီဇင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ပေါက်တိုင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

တပ်အင်အား ၃၀ နီးပါး တပ်စွဲထားသည့် စစ်ကောင်စီ ပေါက်တိုင်းစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း ဦးဆောင်သော ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲချိန် ၁ နာရီ နီးပါးကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ပေါက်တိုင်းကျေးရွာက နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့သော်လည်း အရပ်သားထိခိုက်မှု မရှိခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးသည့် ကျေးရွာများရှိ အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်းများအပြင် တန်းဖိုးရှိ ပြည်သူပိုင်ပစ္စည်းများ သိမ်းယူမှု မကြာခဏ ကျူးလွန် နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေနှင့် ကျဆုံးလုနီးပါးဖြစ်နေသည့် စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးရုန်းထွက်ဖို့လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထားဝယ်မြို့တွင် လုံခြုံရေး တိုးမြှင့်ချထားခြင်း၊ ဖမ်းဆီးစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။