ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါချုပ်အပါအဝင် ၃ ဦးကို ဗထူးတပ်မတော်ဖမ်းဆီးထား

By MPM 29 ဖေ‌ဖော်ဝါရီ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခဒေါ်စုစုလတ်နှင့် ပါမောက္ခဒေါ်နန္ဒာလွင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗထူးတပ်မတော်က သတင်းထုတ်ပြန်သည်။

ဒုပါမောက္ခချုပ် အပါအဝင် ၃ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁၁ နာရီခန့်က ထားဝယ်နည်းပညာ တက္ကသိုလ် ဝင်းအတွင်း ဗထူးတပ်မတော်က ဝင်ရောက်ဖမ်းဆီးခဲ့တာဟု ဗထူးတပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Non CDM ဝန်ထမ်းများဖြစ်သည့် ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးသည် စစ်ကျွန်ပညာရေးကို အသက်သွင်းနေပြီး ဆက်လက်ရှင်သန်အောင် လုပ်ဆောင်နေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ဗထူးတပ်မတော်က ပြောဆိုသည်။

ဗထူးတပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဖမ်းဆီးထားသူများကို လက်ဖျားနှင့်ပင် မထိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ပြောပါသည်။

ဖမ်းဆီးထားသူများကို လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး စစ်ကောင်စီအပေါ် ဘယ်လောက်အထိ အကျိုးပြုမှုများ လုပ်ဆောင်သည်ကို မူတည်ပြီး အရေးယူမှုများ လုပ်ဆောင်သွားမယ်လို့ ဆိုပါသည်။

စစ်ကောင်စီဘက်က ဖမ်းဆီးခံထားရသည့် ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးကို ပြန်လည်ကယ်တင်နိုင်ရေး အပူတပြင်း ရှာဖွေနေသည်ဟု ဖေဖော်ဝါရီ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက လောင်းလုံးမြို့နယ်ရှိ ထားဝယ်စိုက်ပျိူးရေး သိပ္ပံကျောင်း၏ ကျောင်းအုပ်ကြီး အပါအဝင် ၇ ဦး ကို လောင်းလုံး PDF က ဖမ်းဆီးသွားပြီးနောက် တစ်လအကြာတွင် ပြန်လွှတ်ပေးခဲ့ပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။