23 ဧပြီ 2025 /

See today's Peace Related News

သတင်းထားဝယ်တွင် စစ်ကြောင်းဝင်လာတာကြောင့် ကျေးရွာလေးရွာက ဒေသခံများထွက်ပြေးနေရ

ထားဝယ်တွင် စစ်ကြောင်းဝင်လာတာကြောင့် ကျေးရွာလေးရွာက ဒေသခံများထွက်ပြေးနေရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။

အင်အား ၂၀၀ နီးပါးပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်ကစပြီး ထားဝယ် မြို့နယ်စည်ပင်ကောက်ကျေးရွာကနေ ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုတို့က ပြောဆိုသည်။

ယင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် စည်ပင်ကောက်၊ ဇလွန်း၊ လိုင်းတောင်၊ ကတက်ကျေးရွာတို့က ဒေသခံများ ဘေးလွတ်ရာနေရာများကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့ထံက သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရာတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ရှေ့ဆက်တိုးလာပါက နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်သည် ထားဝယ်အခြေစိုက် အမှတ် ၄၀၂ ခြေမြန်တပ်ရင်းကဖြစ်ပြီး အဆိုပါစစ်ကြောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်သား အများအပြား ပါဝင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်သည် ထားဝယ်မြို့နယ်ထဲက သပြား၊ ပကာရီ၊ ဘဲမတ်တပ်၊ ဝကုန်း၊ ဝပြင်နှင့် သင်္ကန်းတုန်းကျေးရွာတို့ကို စစ်ကြောင်းထိုးခဲ့သည့်အတွက် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခုနှစ်သောင်းခွဲကျော်အထိ တိုးလာသည်ဟု ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သညိ့ FE5Thanintharyi ရဲ့ အစီရင်ခံစာအရ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။