ထားဝယ်ခရိုင်က စစ်ကောင်စီဂိတ်စခန်း ၂ ခု အလစ်ငိုက်ဝင်တိုက်ခံရပြီး ၅ ဦး သေဆုံး

By MPM 10 မတ်, 2025 👁 5

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်စခန်းနှစ်ခု အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်ဟု ဒူရကစစ်ကြောင်းက ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ် ၇ ရက်နေ့က ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ဂိတ်စခန်းနှင့် ရေဖြူမြို့အဝင် စစ်ဆေးရေးတံတားဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က အလစ်ငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ စစ်ဆေးရေးဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း အချိန်နာရီဝက်နီးပါးကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၇ ရက်နေ့ ညနေပိုင်းတွင်လည်း ရေဖြူမြို့အဝင် စစ်ဆေးရေးတံတားဂိတ်တွင်ရှိနေသည့် စစ်ကောင်စီတပ်သားတို့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုနှစ်ခုအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုနှင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။