တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ သိန်း ၅၀၀ မတည်ငွေရှိရမည့် အထောက်အထားကြောင့် အခက်တွေ့နေရ

By MPM 24 မေ, 2025 👁

စစ်ကိုင်းတိုင်းအတွင်းမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များသည် စစ်ကောင်စီကပြဌာန်းထားသည့် “အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” အရ မှတ်ပုံတင်လျှောက်ထားသည့် အဖွဲ့အစည်းသည် မတည်ငွေကျပ်သိန်း ၅၀၀ ရှိရမည်ဆိုသော အထောက်အထားတောင်းယူမှုကြောင့် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနက မတည်ငွေကျပ်သိန်း ၅၀၀ ရှိကြောင်း အထောက်အထားမပြနိုင်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို မှတ်ပုံတင်လျောက်ထားသည့်အမှုတွဲ ပြန်လည်ပေးအပ်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားဆောင်ရွက်မှုတို့ တွေ့ရှိပါက ဥပဒေအရအရေးယူရန် ညွှန်ကြားစာများကို မေလ ပထမအပတ်က ပေးပို့ခဲ့ကြောင်း ယဉ်ကျေးမှုအဖွဲ့များက ပြောဆိုကြသည်။

လက်ရှိ နိုင်ငံရေးအခြေအနေ၊ စီးပွားရေး အခြေအနေများအရ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဖွဲ့တို့က မတည်ငွေနှင့်ပတ်သက်ပြီး မတူညီသည့်အခက်ခဲများရှိကြကြောင်း ဟုမ္မလင်းမြို့နယ်၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသန်းထွန်းဦးက ပြောသည်။

“မတည်ရင်းနှီးငွေ သိန်း ၅၀၀ ဆိုတာ အချို့သောတိုင်းရင်းသားတွေအတွက် အဆင်ပြေနိုင်ပေမယ့်၊ အချို့သော တိုင်းရင်းသားတွေအတွက်က အဆင်မပြေနိုင်ပါဘူး။ ကျနော်တို့အနေနဲ့တော့ ပြန်ပြီးစဉ်းစားပေးစေချင်ပါတယ်။ ၅၀၀ မဟုတ်တဲ့ ၎င်းထက်လျော့နည်းတဲ့ ပမာဏ၊ အားလုံးလည်း သဘောတူမယ့်ပမာဏကို သတ်မှတ်ပေးစေချင်ပါတယ်” ဟု ဦးစိုင်းသန်းထွန်းဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာနက တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ မှတ်ပုံတင်ရန် မလိုအပ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းအသီးသီးရှိ တိုင်းရင်းသားစာပေအဖွဲ့ (၆၅) ဖွဲ့သည် တိုင်းရင်းသားအခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ၂ (စ) အရ၊ အသင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (ဂ) အရ မှတ်ပုံတင်ရန် လိုအပ်သည့်အဖွဲ့မဟုတ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အကြံပြုသဘောထားတွင် ဖော်ပြထားသည်။

ယင်းပပြင် အဆိုပါ ၆၅ ဖွဲ့သည် တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စသည်တို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုနိုင်သည်ဟုလည်း ဝန်ကြီးဌာန၏ အကြံပြုသဘောထားတွင် ပြောဆိုထားသည်။

စစ်ကောင်စီက အသင်းအဖွဲ့မှတ်ပုံတင်မှုများကို ပိုမိုတင်းကြပ်သည့်စည်းကမ်းများဖြင့် ဥပဒေတရပ်အား ၂၀၂၂ ခုနှစ်က ပြဌာန်းခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများအတွက် ထိုအချိန်ကတည်းက စိန်ခေါ်မှုများ ရှိနေခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီ၊ ရှမ်း၊ ကတူး၊ ကနန်း၊ နာဂနှင့် ချင်း စသည့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့စည်းများ လှုပ်ရှားလျက်ရှိနေသည်။

ရှမ်းနီအသံ ပေးပို့သည်။