တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဖြန့်ဖြူးရေးစသည့် စီမံကိန်းများကို ကာကွယ်ရန်အတွက် တရုတ်လုံခြုံရေးတပ်သား ရာနှင့်ချီကို ချထားပြီး စစ်ရေးစောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် တရုတ်လုံခြုံရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ စီမံကိန်းအနီးတွင် ကတုတ်ကျင်းများနှင့် ဘန်ကာများ ဆောက်လုပ်၍ စစ်ရေးအကာအကွယ်များ ပြုလုပ်နေခြင်းဖြစ်သည်။
ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ ဂုံးချွိန်နှင့် အုန်းတောကျေးရွာရှိ ဓာတ်ငွေ့သန့်စင်ရုံ၊ လျှပ်စစ်ဖြန့်ဖြူးရေး စက်ရုံနှင့် ဓာတ်ငွေ့ခွဲရုံ စသည့် တရုတ် စီမံကိန်းနယ်မြေများတွင် ရှိနေခြင်းဖြစ်သည်။
“ Power China စက်ရုံ (လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ) ဘက်မှာဆိုရင် သေနတ်ပစ်ဖို့ အနေအထားမျိုး ပြင်ဆင်နေတာရှိတယ်။ တခြားနေရာတွေမှာတော့ ကတုတ်ကျင်းတွေ တူးထားတာရှိတယ်” ဟု တရုတ် စီမံကိန်းများကို စောင့်ကြည့်နေသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ တရုတ်စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ ကျောက်ဖြူမြို့နယ်သို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး စီမံကိန်းနှင့်ဆက်စပ်သော အဆောက်အအုံများတွင် နေရာယူထားကြခြင်းဖြစ်သည်။
လက်ရှိတွင် စီမံကိန်းအဆောက်အအုံများကို ကျည်ကာမှန်များ တပ်ဆင်ခြင်းနှင့် CCTV တပ်ဆင်ခြင်းအပါအဝင် လုံခြုံရေးဆိုင်ရာ စီမံမှုများကို ပြုလုပ်ထားပြီး စစ်ဘက်ဆိုင်ရာ အကာအကွယ်ကိုပါ ပြုလုပ်လာကြခြင်းဖြစ်သည်။
“ တရုတ်နိုင်ငံက စေလွှတ်ထားတာဆိုပေမယ့် တရုတ်ပြည်မကြီးကလူတွေတော့ မဟုတ်ဘူး။ ပလောင်တို့၊ ကိုးကန့်တို့လို ရှမ်းနယ်စပ်ဘက်ကလူတွေ ပိုများတယ်။ တရုတ်စကားပြောတဲ့လူတွေ သိပ်မတွေ့ရဘူး။ ကျနော့်အထင် စစ်တပ်ကပါ ကြေးစားတပ်ဖွဲ့တွေ ငှားထားသလားလို့ သံသယဝင်မိတယ်” ဟု စစ်ကောင်စီနှင့်နီးစပ်သူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တရုတ်လုံခြုံရေးတပ်များသည် ကျောက်ဖြူ စစ်မျက်နှာအတွင်း ဒရုန်းနှင့် အခြားသော စစ်ရေးနည်းပညာများကို စစ်ကောင်စီအတွက် ပံ့ပိုးနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီက ကြေးစားတပ်ဖွဲ့ဝင်များ ငှားယူထားမှု ရှိ/ မရှိကို DMG က သီးခြား အတည်မပြုနိုင်သေးပါ။
DMG က ရရှိထားသည့် အချက်အလက်အရ ကျောက်ဖြူမြို့နယ်တွင် တရုတ်စီမံကိန်းကို အကာကွယ်ယူနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ရှိပြီး တရုတ်စီမံကိန်းများရှိရာ ဧရိယာအနှံ့ ဖြန့်ကျက်ထားကြောင်း သိရသည်။
“ အဲဒီ တရုတ်စစ်သားတွေနဲ့ စစ်ကောင်စီဘက်ကလူတွေ တစ်ခါတစ်လေ ကားတွေနဲ့ အပြင်ကို ထွက်သွားတာမျိုးတော့ ရှိတယ်။ ဒီလို အပြင်ထွက်တဲ့အခါမျိုးမှာတော့ တရုတ်စစ်သားတွေက ယူနီဖောင်းဝတ်ထားပေမယ့် လက်နက်တွေကိုင်ထားတာမျိုးတော့ မတွေ့ရဘူး” ဟု ကျောက်ဖြူဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် တရုတ်အစိုးရတို့သည် တရုတ်စီမံကိန်းများ၏ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ရန်ဟုဆိုကာ ၂၀၂၄ ခု နှစ်ကုန်ပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကစ၍ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျောက်ဖြူသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စသည့် စီမံကိန်းများအပြင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းများ တည်ရှိသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် စစ်ကောင်စီက တရုတ်စီမံကိန်းနယ်မြေများအတွင်း လုံခြုံရေးကို ယခင်ကထက် ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။
DMG