ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်တိမ်းရှောင် ရောက်ရှိနေသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAOs ထိန်းချုပ်ထားသည့် ဒေသများတွင် ရောက်ရှိနေသူများအနေနှင့် မိမိနေရပ်သို့ ပြန်လာကြရန် စစ်ကောင်စီက ယခု ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ချက်များထုတ်၍ ဆက်တိုက် ဖိတ်ခေါ်လျက်ရှိသည်။
အာဏာသိမ်းထားသည့်ကာလတလျှောက် နေရပ်ပြန်လာရန် စစ်ကောင်စီက တစ်နှစ်တကြိမ်သာ ဖိတ်ခေါ်နေရာမှ ယခု ၂၀၂၅ ခုနှစ်အတွင်း နေရပ်ပြန်လာကြရန် ဆက်တိုက်ဖိတ်ခေါ်နေသဖြင့် စစ်ကောင်စီက အကောင်ထည်ဖော် နေသည့် ရွေးကောက်ပွဲအတွက် လူစုဆောင်းမှုဖြစ်နိုင်သည်ဟု ပြည်ပရောက် CDM ဝန်ထမ်းများက ပြောဆိုသည်။
“ဒီလိုမျိုးပြန်ခေါ်နေတာက ရွေးကောက်ပွဲအတွက် လူစုတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့တကယ်စုရင်လည်း စုတာလောက်ပဲရှိမယ်။ ဘယ်သူမှလည်း ပြန်သွားမှာမဟုတ်ဘူး။ ပြီးတော့လေ အဲ့ရွေးကောက်ပွဲကို ဘယ်သူမှလည်း စိတ်မဝင်စားကြဘူး။ သူတို့ရဲ့ရွေးကောက်ပွဲကို ဘယ်သူမှလည်းလက်မခံဘူး။ အဲ့ဒီအတွက်ကြောင့်နဲ့တော့ ဘယ်သူမှလည်း ပြန်မှာမဟုတ်ဘူး” ဟု ပြည်ပရောက် CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီက ပြည်ပနိုင်ငံများနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသအတွင်းတို့ ရောက်ရှိနေသူတို့သည် လုံခြုံရေးအာမခံချက်မရှိခြင်း၊ လူမှုစီးပွားအဆင်မပြေမှုတို့နှင့် ရင်ဆိုင်နေကြရသည်ကို ကြားသိရသဖြင့် နေရပ်ပြန်လာရန် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း ဖိတ်ခေါ်ခဲ့သေးသည်။
တိမ်းရှောင်နေသူတို့အနေဖြင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုပါက နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီတို့ကို ဆက်သွယ်နိုင်သလို ပြည်ပရောက်သူတို့အနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတို့ကို ဆက်သွယ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
တဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် ယခုလို မြန်မာနိုင်ငံသားတို့ကို ပြန်လည်ဝင်ရောက်ရန် ခေါ်ယူနေခြင်းသည် စစ်မှုထမ်းဥပဒေကြောင့် စစ်သားသစ်စုဆောင်းရန်အတွက်သာဖြစ်သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတို့က သုံးသပ်ပြောဆိုလျှက် ရှိနေသည်။
လွတ်မြောက်နယ်မြေရောက် လူငယ်တစ်ဦးက “ပြည်တွင်းကနေ လွတ်မြောက်နယ်မြေထဲကို ရောက်သွားတဲ့သူတွေ၊ ပြည်ပကိုရောက်သွားတဲ့သူတွေက လုံခြုံရေးအရ ပေါ်တာဆွဲခံရတာတွေ၊ စစ်မှုထမ်းဥပဒေထဲကို ဆွဲသွင်းခံရတာတွေ ရှိတဲ့အတွက်ကြောင့် မလုံခြုံတော့လို့ လွတ်မြောက်နယ်မြေ၊ ပြည်ပကို ထွက်ပြေးလာကြတာ ဖြစ်တယ်။ ဒီအခြေအနေမှာ ပြန်မယ်ဆိုရင် စကစရဲ့ မတရားစစ်မှုထမ်းဥပဒေထဲကို အတင်းဆွဲသွင်းခြင်းခံရမှာပဲ ဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက အသက်သွင်းပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံသို့ လူငယ်အများအပြား ထွက်ခွာခဲ့ကြရမှုများ ဖြစ်ပေါ်ခဲ့သည်။
စစ်ကောင်စီက နေရပ်ပြန်ရန်ဖိတ်ခေါ်ထားသူများအနက် နိုင်ငံရေးအပြောင်းအလဲကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းနှင့် ပြည်သူတချို့ ကို အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အအုံနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများ ဖျက်ဆီးမှု၊ (DCS) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ တခြားနည်းလမ်းနှင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူတို့ မပါဝင်ကြောင်း ဖိတ်ခေါ်ချက်တွင် ပြောဆိုထားသည်။
ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူမှလွဲပြီး အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးခြင်းကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဖော်ပြပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မတ်လတွင် နေပြည်တော်၌ကျင်းပခဲ့သည့် စစ်ကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံကို ပြန်လာလိုသည့် ပြည်ပရောက်နိုင်ငံသား အမြောက်အမြားရှိပြီး ၎င်းတို့ ပြန်လာနိုင်အောင် အစိုးရအဖွဲ့က လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
စစ်ကောင်စီက နေရာဒေသအသီးရောက်ရှိနေသူတို့ကို နေရပ်ပြန်ရန် ဖိတ်ခေါ်နေသလို ပြည်ပထွက်မည့် အလုပ်သမားများကိုလည်း နိုင်ငံအလိုက် တစ်လလျှင် အကန့်အသန့်ဖြင့်သာ စေလွှတ်ရမည်ဟုလည်း စစ်ကောင်စီလက်အောက် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံသားများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်သွားကြရသည်ဟု စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်တွင် ပြောဆိုထားသည်။
IMNA ပေးပို့သည်။