တာချီလိတ်တွင် ထိုင်းနိုင်ငံဘက်ခြမ်းကူးသူများအား လဝက ငွေကောက်ခံနေ

By MPM 26 ဖေ‌ဖော်ဝါရီ, 2025 👁 9

ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်း – မြန်မာနယ်စပ် တာချီလိတ်မြို့မှ တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ သွားရောက်မည့်သူများအား စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) က စမတ်ကတ်အကြောင်းပြ ငွေကြေးတောင်းခံနေသည်ဟု ရွှေ့ပြောင်းလုပ်သားတချို့က ပြောသည်။

ယခုဖေဖော်ဝါရီလအတွင်း တခါသုံးလက်မှတ်ဖြင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက် ကမ်းကူးရန် စောင့်ဆိုင်းနေကြသူများအား စမတ်ကတ်မရှိဟုဆိုကာ လူတစ်ဦးလျှင် ဘတ် ၃၀၀ ကျပ်ဝန်းကျင်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်ဟု ဆိုသည်။

နေ့စဉ်နီးပါး မယ်ဆိုင်မြို့ဘက်ကို သွားလာနေသူတစ်ဦးက “၃၀၀ ဆိုတာ ပျှမ်းမျှပေါ့။ တကယ်က လူကြည့်ပြီးတောင်းတာပါ။ တချို့နည်းနည်း မသင်္ကာစရာတွေ့ရင် ၅၀၀ ပေါ့။ ၁၀၀ နဲ့ ပြီးချင်လည်းပြီးတယ်။ အခုက ကမ်းကူးတဲ့လူ တအားများလာတော့ သူတို့ (လဝက) အတွက်က ဂွင်တည့်နေတာ” ဟု ပြောသည်။

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံတဖက်ကမ်းရှိ မယ်ဆိုင်မြို့သို့ ကူးသန်းသွားလာရန်အတွက် နယ်စပ်ဖြတ်သန်းခွင့် (BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP) ဟူ၍ ၂ မျိုးရှိသည်။

အဆိုပါ နှစ်မျိုးအနက် TBP အမျိုးအစားမှာ တာချီလိတ်အိမ်ထောင်စုမဟုတ်သည့် မြန်မာနိုင်ငံသားများအား ဆေးကုသခွင့်နှင့် အခြားကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်သည်။

ယခင်က ယင်း TBP ပြုလုပ်ရာ၌ စမတ်ကတ်မရှိသူများအား ဘတ် ၂၀ ခန့်သာကောက်ခံသော်လည်း ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအတွင်း စစ်မှုထမ်းဥပဒေကြောင့် မဖြစ်မနေ တိန်းရှောင်လာရသူများအပေါ် အခွင့်ကောင်းယူ၍ တိုးမြင့်ကောက်ခံလာခြင်းဖြစ်သည်ဟု ပွဲစားလောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တရားဝင်ကတော့ ကောက်ခွင့်မရှိပါဘူး။ ပြေးလာတဲ့သူတွေက မဖြစ်မနေ ကူးရမယ်ဆိုတော့ တောင်းတာပေါ့။ ကူးမယ့်လူတွေက ဂိတ်မှာ မှတ်ပုံတင်ထားခဲ့ရတယ်။ အပြန်မှ ဝင်ယူပေါ့။ အခုကူးမယ့်သူတွေကတော့ သူတို့ မှတ်ပုံတင်တွေကို ပွဲစားကပြန်ယူပေးမှာ။ အဲဒါကို မြန်မာလဝကတွေလည်း သိတယ်။ စားပေါက်ရလို့ မသိချင် ယောင်ဆောင်နေတာ” ၎င်းက ပြောသည်။

တာချီလိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီလနှောင်းပိုင်းကတည်းက စမတ်ကတ်များ ပြုလုပ်ပေးခဲ့သော်လည်း ပွဲစားများနှင့်လုပ်ဆောင်မှသာ မြန်ဆန်မှုရှိပြီး ဘတ် ၇၀၀ အထိ ကုန်ကျသည်ဟု ယခင်ပြုလုပ်ခဲ့ဖူးသူများက ပြောဆိုကြသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင်လည်း စမတ်ကတ်လဲလှယ်သူများကို ရှမ်းပြည် စုပေါင်းရုံးရှိ စစ်ကောင်စီလက်အောက်ခံ လဝကဝန်ထမ်းများက လူတန်းစားအလွှာ အသီးသီးပေါ်မူတည်ပြီး ငွေကျပ် ၃ သောင်းမှ ကျပ်တစ်သိန်းအထိ တောင်းခံလျက်ရှိကြောင်း သိရသည်။

NMG ပေးပို့သည်။