23 ဧပြီ 2025 /

See today's Peace Related News

သတင်းတနိုင်း၊ ရှဒူးဇွပ်ဒေသက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တိုက်ခိုက်

တနိုင်း၊ ရှဒူးဇွပ်ဒေသက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တိုက်ခိုက်

ကချင်ပြည်နယ် တနိုင်းသွားလီဒိုလမ်းရှိ (Lido Lam) ရှဒူးဇွပ်ဒေသ (Jahtuzup) ဝခါး (Wahka) မှော်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း၏ တပ်စခန်းတစ်ခုကို မင်းဇေသန့်ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်ထံက သိရသည်။

မတ်လ ၆ ရက်နေ့ မနက်အစောပိုင်းက ဝခါးမှော်အနီးရှိ KIA တပ်စခန်းတစ်ခုဖြစ်သော ကာကင်းစခန်းအပါဝင် ဝန်ရောဒ်(Wun Rawt) တပ်စခန်းကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KIA တပ်သား တစ်ဦးသေဆုံးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

“ရှဒူးဇွပ်အနီးက Wun Rawt စခန်းကို လက်လွတ်လိုက်ရတာဖြစ်တယ်။ လက်လွတ်လိုက်ရတာကလည်း စစ်အင်အား မရှိတာရယ်။ ပြီးရင် ဒရုန်းလက်နက်တွေနဲ့ အသကုန်လာပစ်လို့ အလစ်ဝင်သိမ်းသွားတာဖြစ်တယ်။ အင်အားမမျှတော့ လက်လွတ်လိုက်ရတဲ့သဘောပါ” ဟု ၎င်းက ပြောသည်။

မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KIA တပ်စခန်း၌ စစ်အင်အား ၈ ဦးခန့်သာရှိပြီး ပြည်သူ့စစ်အဖွဲ့ကနေ လက်နက်အင်အား၊ စစ်အင်အားအလုံးအရင်းနှင့် ဝင်ရောက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

KIA တပ်စခန်း တိုက်ခိုက်ခံရမှု၌ KIA ဘက်က တပ်သားတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

အလားတူ မတ်လ ၆ ရက်နေ့ တစ်ရက်ထဲမှာပင် KIA တပ်စခန်းတစ်ခု တိုက်ခိုက်ခံရတဲ့အပြင် KIA တပ်ရင်း ၁၄ နေရာကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် KIA တပ်ရင်း ၁၄ နေရာမှ အဆောက်အဦးတချို့ ထိခိုက် ပျက်စီးမှု ရှိခဲ့ပေမယ့် သေဆုံးမှုမရှိကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း KIA တပ်မဟာ ၉ နေရာနှင့် တပ်ရင်း ၆ နေရာတို့ကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသလို တပ်ရင်း ၁၄ နယ်မြေကိုလည်း ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝါရာဇွပ်နှင့် ရှဒူးဇွပ်ဒေသတွင် အင်အားကြီးလာသော မင်းဇေသန့်ပြည်သူ့စစ် အဖွဲ့က စစ်အင်အားအလုံးအရင်းနှင့် KIA တပ်စခန်းနေရာတွေကို မကြာခဏ ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလကလည်း တနိုင်း လီဒိုလမ်း လဝါးကျေးရွာက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့် အဖွဲ့ရဲ့ တိုက်ခိုက်ခဲ့တာကြောင့် KIA တပ်သား ၄ ဦး သေဆုံးခဲ့သေးသည်။

KNG ပေးပို့သည်။