တနင်္သာရီ၊ လေသာတောင်တွင် တပ်စွဲစခန်းချထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

0
282
Photo - မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု လေသာတောင် ဆက်သွယ်ရေးစခန်းကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိုးဒါကြီးရှိ (ဒေသအခေါ်) လေသာတောင်ပေါ် ဆက်သွယ်ရေးစခန်းကြီး၌ တပ်စွဲစခန်းချထားသည့် စစ်ကောင်စီ တပ်သားများသည် ဇန်နဝါရီ ၂၅ ရက် ညနေ ၃ နာရီအချိန်ခန့်က တောင်အောက်ဘက်သို့ ရေဆင်းခပ်ချိန်တွင် ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့တွေက ကင်းပုန်း၀ပ်ပြီး ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားချိန် နာရီ၀က်ခန့်ကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ၏ သတင်းနှင့် ပြန်ကြာရေး တာ၀န်ခံက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ သေနတ်များကို ရယူနိုင်ခြင်း မရရှိခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) မှ စစ်ကြောင်းမှူးများရဲ့ ဦးဆောင်မှုဖြင့် တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က တနင်္သာရီတိုင်းတွင် ပထမဆုံး စခန်းသိမ်းတိုက်ပွဲအဖြစ် ထား၀ယ်မြို့နယ် အရှေ့တောဒေသရှိ စစ်ကောင်စီ ကျောက်ထုတပ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့လည်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here