စစ်အုပ်ချုပ်ရေးကြေညာထားသော တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ဧပြီ ၂၆ ရက်နေ့မှစပြီး တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြန်လည် ဖြစ်ပွားနေကြောင်း တနင်္သာရီမြို့နယ် ပကဖ တာဝန်ရှိသူများက သံလွင်တိုင်းမ်ကို ပြောပါသည်။
အဆိုပါတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခြင်းတို့ကနေ နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာတာဖြစ်သည်။
ဧပြီ ၂၈ ရက်နေ့မှာလည်း ကမလိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၈ တပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပါသည်။
တဆက်တည်း နေ့လည် ၂ နာရီကျော်အချိန်လောက်မှာလည်း ခမရ ၅၆၁ တပ်ရင်းထံ ပြောင်းလာသည့် စစ်ကောင်စီတပ်ရင်းမှူးကို ကြိုဆိုဖို့ထွက်လာသော တပ်အင်အား ၆၀ နီးပါးနှင့် ၆ မိုင်ကျေးရွာအနီးမှာ တစ်ကြိမ်၊ ညနေ ၄ နာရီက ဘန်လောကျေးရွာ အနောက်ဘက်ခြမ်းတွင် တိုက်ပွဲ တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပါသည်။
၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း တနင်္သာရီမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါသည်။
နှစ်ဖက်တိုက်ပွဲများကြောင့် ဘန်လောကျေးရွာက ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာ နေရာတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
တနင်္သာရီမြို့နယ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ယခုအခါမှာတော့ တစ်ကျော့ပြန်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာဖြစ်သည်။
သံလွင်တိုင်းမ် – ပေးပို့သည်။

