တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး ၇ ဦး ပြင်းထန်ဒဏ်ရာရ

By MPM 29 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီး စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

တပ်အင်အား ၄၀ ဝန်းကျင်နှင့် မြိတ်မြို့နယ်ဘက်မှ တနင်္သာရီမြို့နယ်ဘက်ကိုလာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် တနင်္သာရီမြို့နယ် ပကဖ (ဇုံ -၅) က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် တနင်္သာရီမြို့ဘက်ကို ပြန်လည်သယ်ဆောင်သွားသည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းနေ့ ညနေ ၂ နာရီခွဲခန့်တွင်လည်း မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကို လာရောက်သည့် စစ်ကောင်စီ၏ ရိက္ခာတင်ကားနှစ်စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားအရှေ့လွန်သွားမှ မိုင်းပေါက်ကွဲတာကြောင့် ထိရောက်မှုမရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကတည်းက မြိတ်မြို့ဘက်မှာလာပြီး တနင်္သာရီ ဇဝဲအခြေစိုက်တပ်ရင်းမှာ တစ်ညအိပ်ပြီး နောက်တနေ့မှာပင် ဘန်းလမွတ်ကျေးရွာ (၄၃၃) ဘုရားတောင်ခြေအနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိ၌ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် တနင်္သာမြို့နယ်အနီးက အမှတ် ၅၅၇ ခြေမြန်တပ်ရင်းတွင်ရှိနေသည်ဟု တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းကျေးရွာအနီး စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။