တနင်္သာရီတွင် စစ်ရှောင် ၈၀၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရ

0
231
ပုံစာ - တနင်္သာရီတိုင်းထဲက စစ်ရှောင်ပြည်သူများ (ဓါတ်ပုံ/ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)

တနင်္သာရီတိုင်းထဲတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူ ၈၀၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံနေရကြောင်း ဒေါန- တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့က ပြောသည်။

မိုးရာသီကာလ ဖြစ်တာကြောင့် စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာ သယ်ယူဖို့ ခက်ခဲလာခြင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ အလှူရှင် နည်းပါးလာခြင်း တို့ကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင် နေရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ရိက္ခာသယ်ယူခွင့် ကန့်သတ်ချက်များ အပါအဝင် စစ်ကောင်စီတပ်က မကြာခဏဆိုသလို စစ်ကြောင်း ထိုးနေခြင်းကြောင့် စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရသည်။

အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသည့် စစ်ရှောင်ပြည်သူများကို ကူညီပေးရာတွင် မိုးတွင်းကာလ ဖြစ်တာကြောင့် သွားလာရန် ပိုမိုခက်ခဲလာကြောင်း ဒေါန – တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီဘက်မှာပိုပြီးတော့ စားဝတ်နေရေးအတွက် သယ်ယူပို့ဆောင်ရေးရော ပိုပြီးတော့ ခက်ခဲတာပေါ့နော်။ တချို့ ရေစိုခံလို့မရတဲ့ ဆန်တွေ ဘာတွေလိုမျိုး၊ ဆားတွေတို့၊ ပဲတွေလိုမျိုး ဆိုရင်တော့ သယ်ယူပို့ဆောင်ဖို့အတွက် အခက်ခဲ ရှိတယ်ပေါ့။ စားနပ်ရိက္ခာဆိုရင်လည်း အလုံအလောက် မရှိဘူးလို့ ပြောလို့ရတယ်ပေါ့နော်။ သူတို့မှာ အလွန်ဆုံး ရှိလှမှ တစ်လစာလောက်ပဲ ကြိုပြီးတော့ စုဆောင်းထားတာ ရှိတယ်။ တကယ်လို့ ဒီဘက်မှာက စစ်ကြောင်းထိုးတာတို့ တိုက်ပွဲဖြစ်တဲ့ အခြေအနေတွေက အချိန်ကြာလာတဲ့အခါ သူတို့မှာ စားနပ်ရိက္ခာ ပြတ်လပ်တာမျိုးတွေ ကြုံနေရတာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပုံစာ – တနင်္သာရီတိုင်းထဲက စစ်ရှောင်ပြည်သူများ (ဓါတ်ပုံ/ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)

စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအတွက် ပိုမိုကြပ်တည်း လာတာသည်နှင့်အမျှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအပြင် သက်ကြီးရွယ်အိုတွေမှာပါ အာဟာရ မပြည့်ဝမှု ပြဿနာကို ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူက ပြောဆိုသည်။

ယင်းအပြင် စစ်ရှောင်ပြည်သူများသည် မိုးရာသီကာလ ဖြစ်တာကြောင့် ရာသီတုပ်ကွေး ဖျားနာနေကြသည့်အပြင် ငှက်ဖျားရောဂါကိုလည်း ခံစားနေကြရလို့ ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း ကူညီပေးနေသူများက ပြောသည်။

တနင်္သာရီတိုင်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူ ၂၆၀၀၀ ကျော် ရှိပြီး ၎င်းတို့အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here