တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာ

By MPM 15 မတ်, 2023 👁

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ FE5 Tanintharyi ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားထားတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၃၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး အဲဒီထဲက စစ်ရှောင်ပြည်သူ ၂၈၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူအရေအတွက် ထပ်တိုးလာတာကြောင့် အစားအသောက်၊ ဆေးဝါးနဲ့ လူသားချင်စားနာမှုဆိုင်ရာ အကူအညီတွေအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ FE5 Tanintharyi တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ဘေးရှောင်စခန်းတွေနဲ့နီးစပ်ရာတောတောင်၊ ဥယျာဉ်ခြံနဲ့ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ရပြီး လူဦးရေများလာလို့ အစားအသောက်နဲ့ဆေးဝါးမလုံလောက်တာတွေအပြင် တစ်ကိုယ်ရေသန့်ရှင်း ရေးအတွက်ပါ အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်ထဲမှာ စစ်ရှောင်ပြည်သူ ၂၇,၀၀၀ ကျော်နဲ့ အများဆုံးရှိနေပြီး တနင်္သာရီမြို့နယ်မှာ ၃၀၀၀ ကျော်၊ ထားဝယ်မြို့နယ်မှာ ၂၀၀ ကျော်၊ လောင်းလုံးမှာ ၁၅၀ နီးပါး၊ ကော့သောင်းမှာ ၁၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီရာမှာ စစ်ကောင်စီရဲ့ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေအပြင် ရိက္ခာနဲ့ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတဲ့အတွက် အကူအညီပေးဖို့ အခက်အခဲရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။