တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၂၄၀ နီးပါး ဖမ်းဆီးခံခဲ့ရ

By MPM 15 မတ်, 2024 👁

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလတစ်လအတွင်း စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် အရပ်သား ၂၄၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့တခုဖြစ်သည့် FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသူများတွင် ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှ ၂၂၂ ဦး၊ မြိတ်မြို့နယ်က ၇ ဦး၊ ကော့သောင်းမြို့နယ်က ၆ ဦး၊ စုစုပေါင်း ၂၃၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးခံရတဲ့သူများသည် စစ်ကောင်စီတပ်က ကျေးရွာများထဲ စစ်ကြောင်းထိုးလာစဉ် ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားပြီး စစ်ကြောင်းတလျှောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် CDM ဆရာမများလည်း ဖမ်းဆီးခံရကြောင်းနှင့် ထိုသို့ဖမ်းဆီးစဉ် သေဆုံးမှုများရှိသည်ဟု ဆိုပါသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ ၂၃၅ ဦး အနက် ၂၀၆ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ကျန် ၂၉ ဦးသည် အကြောင်းအမျိုးမျိုးပြ အမှုဖွင့်ခံထားရတယ်လို့ FE5 Tanintharyi ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် လက်ဝေခံတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှု၊ စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် စစ်ကောင်စီက အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်များ တော်လှန်ရေးတပ်များထဲ ဝင်ရောက်တာ၊ ပြည်ပနိုင်ငံများကို ထွက်ခွာသွားသည့်အတွက် ဒေသအတွင်း၌ အလုပ်သမားရှားပါးမှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့ရပြီဟု ဆိုသည်။

FE5 Tanintharyi ၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် တနင်္သာရီတိုင်း၌ ဖေဖော်ဝါရီလအတွင်း နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရသူ ၄၈,၈၀၀ ကျော်အထိ ရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

သံလွင်တိုင်းမ် ပေးပို့သည်။