တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ခုနှစ်သောင်းခွဲကျော်အထိ တိုးလာနေ

By MPM 19 ဖေ‌ဖော်ဝါရီ, 2025 👁 6

တနင်္သာရီတိုင်းတွင် နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခုနှစ်သောင်းခွဲကျော်အထိ တိုးလာသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5Thanintharyi အစီခံစာအရ သိရပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းမကြီးဖြစ်သည့် ပြည်ထောင်စုလမ်းပိုင်းနှင့် ရေနက်ဆိပ်ကမ်းဧရိယာကို နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သလို လေကြောင်း၊ ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများ တိုးလာခြင်းဖြစ်သည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုနှင့် နှစ်ဖက်တပ်ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်ခဲ့ရသည့် ဒေသခံပြည်သူ အနည်းဆုံး ၃၇,၃၀၀ ကျော် ရှိခဲ့သည်ဟု FE5Thanintharyi က ဆိုသည်။

ယင်းအပြင် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ်အပါအဝင် စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုမှ တိမ်းရှောင်နေကြရသည့် ဒေသခံ ၃၉,၉၀၀ ကျော် ရှိသည်ဟုလည်း ဖော်ပြပါရှိသည်။

တနင်္သာရီ – မောတောင် နယ်စပ်လမ်းပိုင်းကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်မျာ’ကြား နေ့စဉ်ဆိုသလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တနင်္သာရီမြို့နယ်တစ်ခုထဲ စစ်ဘေးရှောင်ရသည့် ဒေသခံ နှစ်သောင်းနီးပါး ရှိလာခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ရှောင်သူများထဲမှ ပုလောစစ်ရှောင်စခန်းတွင် နေထိုင်သူ ၃၀၀၀ ဝန်းကျင်သာရှိပြီး ကျန်သူများမှာ နီးစပ်ရာ တောတောင်များနှင့် ဥယျာဉ်ခြံများ၊ မြို့ပေါ်သို့ ထွက်ပြေးတိမ်ရှောင် နေကြသည်ဟု ဆိုသည်။

အထူးသဖြင့် USAID ထောက်ပံမှု ရပ်နားလိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်အဖွဲ့တို့၏ ကူညီပေးရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသလို စစ်ရှောင်ထောက်ပံ့ရေးပစ္စည်း ရရှိရန်လည်း ပိုမိုခက်ခဲလာခဲ့ပြီး တချို့စစ်ရှောင်များမှာ လပေါင်းများစွာ အကူအညီမရရှိကြဟု ဆိုသည်။

တနင်္သာရီတိုင်းတွင် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုသည် မြို့နယ်တိုင်းနီးပါး ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေလည်း တစ်လထက်တစ်လ ပိုမိုမြင့်တက်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၅,၈၀၀ ဦး ရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။