ကချင်ပြည်၊ ဗန်းမော်မြို့ကနေ တင့်ကား ၅ စီးနှင့် တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ်ကို တက်သွားသည့် စစ်ကောင်စီစစ်ကြောင်းကို လမ်းခုလပ်မှာပင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါစစ်ကြောင်း ပြန်ဆုတ်သွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က တင့်ကား ၅ စီးနှင့်အတူ စစ်အင်အား ၃၀၀ ဝန်းကျင်ပါသည့် မိုးမောက်မြို့နယ် ဘက်ကို တက်သွားသည့် စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ၆ မိုင်၊ ၇ မိုင်ကုန်း ဂျေအိန် (Je Ing) ကျေးရွာ အနီးတဝိုက်၌ အထက်ကို ဆက်မတက်နိုင်ရန် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
“ပြီးခဲ့တဲ့ရက်မှာ ဗန်းမော်ကနေ တင့်ကား ၅ စီးလောက်နဲ့ တက်သွားတဲ့ စစ်ကြောင်းတွေက မိုးမောက်ဘက်ကို တက်သွားတာ။ ၆ မိုင်၊ ၇ မိုင် နေရာမှာ KIA တွေက အထက်ကို ပြန်တက်သွားလို့ မရအောင် ခုခံတိုက်ခိုက် နေတာ။ မနေ့ကတော့ စစ်ကောင်စီဘက်က ထိခိုက်တာများတော့ ပြန်ဆုတ်သွားတယ်။ မနေ့ညမှာတော့ လေကြောင်းနဲ့ အဲဒီနေရာမှာ ဗုံးလာကြဲသွားတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
နှစ်ရက်နီးပါးကြာ ၆ မိုင်၊ ၇ မိုင်နှင့် ဂျေအိန်ကျေးရွာအနီး၌ KIA ပူးပေါင်းတပ်တို့၏ ကြားဖြတ်တိုက်ခိုက်မှုကိုခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ပြန်ဆုတ်ခွာသွားသည့် ဇူလိုင်လ ၁၇ ရက်နေ့မှာပင် အဆိုပါနေရာကို စစ်ကောင်စီက လေကြောင်းနှင့် လာရောက်ဗုံးကြဲသွားသည်ဟု သိရသည်။
ထိုအခြေအနေကြောင့် ဇူလိုင်လ ၁၈ ရက်နေ့အထိ မိုးမောက်သွားသည့် လမ်းတကြောတွင် စစ်တပ်ကောင်စီတပ် နှင့် KIA တပ်အကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်အပြန်အလှန် လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားခဲ့သည့် မံစီနှင့် မိုးမောက်ဒေသဘက်တွင် ဇွန်လတစ်လကျော်အထိ တိုက်ပွဲများ ငြိမ်သက်သွားခဲ့ပြီး တိုက်ပွဲဖော်ဆောင်မှုမရှိပေမယ့် နှစ်ဖက်တပ်ကြား အပြန်အလှန်စောင့်ကြည့်သည့် အခြေအနေတွင် ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းအတွင်း၌လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များက တင့်ကား ၂ စီးနှင့် ဗန်းမော်ဘက်ကနေ မံစီမြို့ဘက်ကို တက်သွားခဲ့ရာ ကောင့်ဂျာယန်ကျေးရွာ၌ KIA တပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့သေးသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ပြီးခဲ့သည့် မေလကတည်းက မံစီ၊ မိုးမောက်မြို့များရှိ စစ်ကောင်စီတပ် ခမရ ၄၃၇ ၊ ခမရ ၆၀၁ ၊ ခမရ ၃၁၉ စသည့် တပ်ရင်းနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
KNG ပေးပို့သည်။