ညောင်ရွှေတွင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးသေဆုံး

By MPM 18 ဇူလိုင်, 2024 👁

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းတွင် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင် ၂ ဦးကို ပျားစစ်ကြောင်းမှ အလစ်အငိုက် ပစ်ခတ်ခဲ့ရာတွင် သေဆုံးသွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က နန်းဗွန်ကျေးရွာအနီးတဝိုက်ရှိ လမ်းတလျှောက်တွင် ကင်းလှည့်လာသည့် PNA တပ်ဖွဲ့ဝင် ၂ ဦးကို ပျားစစ်ကြောင်းမှ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နန်းဗွန်ကျေးရွာနေ အမျိုးသားတစ်ဦးက “သူတို့က စစ်ကြောင်းထိုးပြီးတော့ ရွာထဲမှာ တပ်စွဲထားတာ။ တစ်ရွာ ဘယ်နှစ်ယောက်၊ ဘယ်သူကတော့ ဘယ်ရွာ အဲ့လို သတ်မှတ်ထားတာ။ သူတို့ ရှိနေတာ တော်လှန်ရေးအဖွဲ့တွေက သိထားတော့ သူတို့ထွက်တဲ့အချိန်မှာ ချောင်းပစ်လိုက်တာ အဲ့နားတင်မှာပဲ သေတာပဲ” ဟု ပြောသည်။

သေဆုံးသူ ၂ ဦးသည် မကြာသေးမီကမှ ပြည်သူ့စစ်သင်တန်း တက်ရောက်ထားသူများ ဖြစ်ကြောင်းနှင့်
၎င်းတို့ ၂ ဦးထံမှ မောင်းပြန်သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဆံ၊ ငွေသားအချို့နှင့် ဖုန်းတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ပျားစစ်ကြောင်းက ဆိုသည်။

PNA နှင့် နီးစပ်သည့် နန်းဗွန်ရွာခံတစ်ဦးက “သူတို့ ရှိနေတုန်းပဲ။ ရွာသားတွေ အိမ်ထဲမှာ ဝင်နေကြတယ်။ ရွာသားတွေက နေစရာမရှိတော့ တောင်ယာခင်းထဲ သွားအိပ်ရတယ်” ဟု ပြောသည်။

ညောင်ရွှေမြို့နယ်ရှိ နန်းဗွန်နှင့် ထီရီးကျေးရွာတွင် PNA ပြည်သူ့စစ်အဖွဲ့က တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ အဖိုးတန် ပစ္စည်းများအား ခိုးယူခြင်း၊ ရိက္ခာ အဓမ္မစုဆောင်းခြင်းများ ပြုလုပ်နေကြသည်ဟု ရွာသားများက ပြောဆိုသည်။

လာမည့်လအတွင်း အဆိုပါကျေးရွာ ၂ ရွာမှ စစ်မှုထမ်းခေါ်ယူမည်ဟု PNA ထပ်ပိုင်းအရာရှိများက ပြောဆိုထားခြင်းကြောင့် ရွာခံလူငယ်အများစုသည် အခြားဒေသများနှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်ရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

NMG ပေးပို့သည်။