ညောင်ရွှေတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

By MPM 11 ဖေ‌ဖော်ဝါရီ, 2025 👁 5

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ – ပင်လောင်း – ဖယ်ခုံ အစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေတာကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများမှာ နန်းတုတ်၊ အိမ်မူ၊ ညောင်လေးပင်၊ ရေပူနှင့် ဘုရားတောင် နွယ်နွဲ့ ကျေးရွာများက ဒေသခံများဖြစ်ကြပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ညောင်ရွှေမြို့နယ်ဒေသခံများက ပြောဆိုသည်။

“တိုက်ပွဲတော့ ဒီရက်ပိုင်းမှာ မဖြစ်ဘူး။ လက်နက်ကြီးနဲ့ ဆက်တိုက်ထုနေလို့ ပြည်သူတွေ ရှောင်နေရတာပါ။ ရှောင်နေရတာက ကျေးရွာ လေးရွာ၊ ငါးရွာလောက် ရှိတယ်။ လူဦးရေတော့ အတိအကျမသိရဘူး” ဟု ညောင်ရွှေမြို့နယ် အင်းစံကာကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသော အုပ်စုများထဲတွင် စားရေးသောက်ရေးအတွက် စားနပ်ရိက္ခာအချို့ သယ်ယူနိုင်ကြသူများ ပါဝင်သကဲ့သို့ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

သို့သော် ရေကြောင်းအသုံးပြုမှုကို စစ်ကောင်စီတပ်နှင့် PNO တို့က တားမြစ်ထားသဖြင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်၍မရခဲ့ကြောင်း၊ စစ်ရေးတင်းမာလာချိန်မှ ယခုလို ထွက်ပြေးတိမ်းရှောင်ရန် ရေကြောင်းအသုံးမှု ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“အရင်ရက်တွေက စံကား ရေကြောင်းကို အသုံးမပြုဖို့ တားမြစ်ထားတာ။ လုပ်ရင်တော့ ပစ်မယ်လို့ပြောတယ်လေ။ ဖေဖော်ဝါရီ ၈ ရက်မှ ဒေသခံတွေကို ထွက်ခိုင်းတာ။ အဲ့နေ့တစ်ရက် မထွက်ရင် မရတော့ဘူးလို့ပြောတယ်။ အဲ့နေ့မှာပဲ ရေကြောင်းနဲ့ ထွက်ကြတာ” ဟု ၎င်းက ပြောသည်။

အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ဇန်နဝါရီလ တစ်လအတွင်း လက်နက်ကြီးပစ်ခတ်မှု အကြိမ်ပေါင်း (၅၄) ကြိမ် လုပ်ဆောင်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယခုလ ဖေဖော်ဝါရီ ၅ ရက်မှ ၁၀ ရက်နေ့အထိ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထပ်မံသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။